ကလေးအခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူဖို့ Save the Children တိုက်တွန်း


 ကလေးတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ကျူးလွန်တဲ့သူတွေကို မြန်မာအစိုးရအနေနဲ့ အရေးယူရမယ်လို့ Save The Children အဖွဲ့က မနေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးတွေဟာ ပညာသင်ခွင့် ဒါမှမဟုတ် လွတ်လွတ်လပ်လပ်နေထိုင်ရှင်သန်ခွင့် ဆိုတဲ့ အခွင့်အရေးချိုးဖောက်ခံရတဲ့ဖြစ်ရပ်တွေ နေ့တိုင်းလိုလိုတွေ့နေရတယ်လို့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ FFM နဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီတို့ စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ဖော်ပြောဆိုချက်ကို ကိုးကားပြီး Save the Children အဖွဲ့က ပြောလိုက်တာပါ။

မြန်မာစစ်တပ်နဲ့ တခြားအဖွဲ့တွေက၊ ကချင်၊ ရခိုင်နဲ့ရှမ်းပြည်နယ်က ကလေးတွေထောင်နဲ့ချီပြီး အခြေခံလူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်ထားတာတွေအတွက် တရားမျှတမှုရဖို့ စောင့်နေကြတယ်။ ကျူးလွန်ထားတဲ့သူတွေကို တယောက်မှ အရေးယူထားတာ မရှိသေးဘူး။ အဲဒီလိုအပြစ်ကနေ လွတ်မြောက်နေတာတွေမရှိအောင် လုပ်ရမယ်လို့ Save the Children အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Michael McGrath က ပြောပါတယ်။

ဒီလိုကျူးလွန်ထားတဲ့သူတွေကို အရေးယူဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကလည်းဆောင်ရွက်ရမယ်၊ ကလေးတွေအခွင့်အရေး ချိုးဖောက်ခံထားရတဲ့ဖြစ်ရပ်တွေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ IIMM က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေငှားပြီး တိတိကျကျဖော်ထုတ်ရမယ်။ ပြီးရင် ကျူးလွန်လိုက်တဲ့သူတွေကို တရားဥပဒေအရ ပြစ်ဒဏ်စီရင်ရမယ်။

ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံနေတာအဆုံးသတ်အောင် မြန်မာအစိုးရက ဆောင်ရွက်ရမယ်လို့လည်း Save the Children အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကလေးအခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူဖို့ Save the Children တိုက်တွန်း ကလေးအခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူဖို့ Save the Children တိုက်တွန်း Reviewed by THITHTOOLWIN on 09:27 Rating: 5
Powered by Blogger.