NLD တိုင်းရင်းသားရေးရာကော်မတီ ဖွဲ့တာ ရွေးကောက်ပွဲ အတွက် ပြင်တာလား

တိုင်းရင်းသားအရေးကိစ္စတွေကို တိုင်းနယ်ပြည်နယ်တွေနဲ့ချိတ်ဆက်ပြီးဆောင်ရွက်သွားမယ်
ရန်ကုန် မှာကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ကနေ တိုင်းရင်းသားရေးရာ ကော်မတီဖွဲ့စည်း လိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကဘီဘီစီကိုပြောပါတယ် ။

အဲဒီကော်မတီကို ဗဟို အလုပ်အမှုဆောင် ကော်မတီ ၃ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ တိုင်းရင်းသားအရေးကိစ္စတွေကို တိုင်းနဲ့ပြည်နယ်တွေနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် မဟာဗျူဟာ ချမှတ် ရေးအတွက် လည်းပြင်ဆင်နေတယ်လို့လည်း သူကပြောပြီး တော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ အခြေအနေတွေ ကွာခြားသွားပြီ ဖြစ်တဲ့အတွက် တိုင်းနဲ့ ပြည်နယ် တွေက လက်ရှိ အခြေနေတွေ ကို စုဆောင်းပြီးမှ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ မဟာဗျူဟာ ချမှတ် မှာဖြစ်တယ်လို့လည်း ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

တိုင်းနဲ့ပြည်နယ်တွေထဲမှာ သိသာတဲ့ပြောင်းလဲမှုကတော့ ရခိုင်ပြည်နယ် ဖြစ်ပြီးတော့ ၂၀၁၅ နဲ့ မတူဘဲ စစ်ပွဲတွေရှိနေတဲ့ အနေထားမှာ ရှိနေတယ်လို့လည်း သူကပြောပါတယ်။

ကော်မတီဖွဲ့ဖို့ ဆုံးဖြတ်လိုက်တဲ့ အခုအစည်းအဝေးဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံပြီးရင် မူဝါဒနဲ့ လမ်းညွှန်ချက်တွေ ချမှတ် တဲ့ အဆင့်အမြင့်ဆုံး အစည်းအဝေးလည်း ဖြစ်ပါတယ်။

လက်ရှိတိုင်းဒေသကြီးဝန်ကြီးချုပ်တွေ အစည်းဝေးတက်တာတွေ့ရပါတယ်။
ဘာကြောင့်တိုင်းရင်းသားကော်မတီဖွဲ့တာလဲ

တိုင်းရင်းသားကော်မတီ တွေဖွဲ့ဖို့ ဟာ အရင်ကတည်းက အစီစဉ်ရှိခဲ့တာဖြစ်ပြီးတော့ အချိန်တစ်ခုကိုစောင့်နေတာဖြစ်ပြီးတော့ အခုတော့သင့်တော်ပြီလို့ယူဆလို့ ဖွဲ့လိုက်တာလို့လည်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

တိုင်းရင်းသားနဲ့ပတ်သက်တဲ့ကိစ္စတွေကို ပိုပြီး ထိထိရောက်ရောက် ဆောင်ရွှက်သွားမယ်လို့လည်း သူက ပြောပါတယ်။

ကော်မတီက တိုင်းရင်းသားစာပေ ယဉ်ကျေးမှု နဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလိုအပ်ချက်တွေကို ပိုပြီး အာရုံစိုက်မယ်လို့လည်း ရှင်းပြပါတယ်။

တိုင်းရင်းသားကော်မတီ ဖွဲ့တာဟာ၂၀၂၀ ရွေးကောက်ပွဲ အတွက် မဟာဗျုဟာလို့ အစည်းဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြီးမပြောပေမယ့် တိုင်းရင်းသားနယ်မြေတွေမှာ ပါတီကို ထောက်ခံမှု ရလာအောင် ကြိုးပမ်းဖို့ကိုတော့ ပါတီ ကမဟာဗျူဟာချမှတ်ပြီး ပြင်မယ်လို့လည်း ပါတီဗဟိုကပြောပါတယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဒေါ်စုစုလွင်
ကော်မတီမှာဘယ်သူတွေပါသလဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းလိုက်တဲ့ကော်မတီမှာ ကချင်ပြည်နယ်က ဦးအင်ထူဂါးနော်ဆန်က ဥက္ကဋ္ဌ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ ပါဝင်တယ်လို့ လည်းသိရပါတယ်။

တိုင်းနဲ့ပြည်နယ်တွေက ပါဝင်မယ့်သူတွေနဲ့ ကော်မတီကို ထပ်ပြီးအားဖြည့်ဖို့ရှိနေပါတယ် ။

အားဖြည့် ပြီးရင်တော့ တိုင်းရင်းသားရေးရာကို ကော်မတီက အရှိန်အဟုန်နဲ့ ဆောင်ရွှက်မယ်လို့လည်းစက်တင်ဘာ၂၂ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားတွေကြားမှာ အခုနှစ်အတွင်း ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေး မှာ ကန့်ကွက်မှုတွေရှိခဲ့ပြီး ချင်းပြည်နယ်မှာလည်း ဗိုလ်ချုပ်ကြေးရုပ် ထားရေးမှာ ကန့်ကွက်မှုတွေ ရှိနေပါတယ်။

ယေဘုယျအားဖြင့် တိုင်းရင်းသားတွေဟာဒီမိုကရေစီ အစိုးရလက်ထက်မှာ ဖက်ဒရယ်အသီးအပွင့်တွေကို ခံစားရမယ်လို့ ယူဆထားကြပြီး ဖက်ဒရယ်အသီးအပွင့်တွေ ချက်ချင်းမခံစားရတဲ့ အချိန်မှာ မကျေနပ်တာတွေ အားမလို အားမရဖြစ်တာတွေ တိုင်းရင်းသားတွေ ဘက်မှာရှိနေတယ်လို့လည်း ဒေါက်တာမျိုးညွှန့်ကပြောပါတယ်။

ညွန့်ပေါင်း ပုံစံအနေအထားကို မလိုလားဘူးပြော
ရွေးကောက်ပွဲအတွက် ပြင်တာလား

၂၀၂၀ မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ငန်းစဉ်ချမှတ်ပြီး မဟာဗျူဟာ ချမှတ်ဖို့ရှိတယ်လို့လည်းပါတီက စက်တင်ဘာ ၂၂ရက်နေ့စွဲနဲ့ထုတ်ပြန်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မှာအားကောင်းတဲ့ အစိုးရဖွဲ့စည်းနိုင်တဲ့ အနိုင်ရမှုသာလိုပြီး ညွန့်ပေါင်းပုံစံ မလိုလားကြောင်း ဒဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်ထွဋ်ဦးက ပါတီ ဝင် တွေကို စက်တင်ဘာ ၂၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို (ဌာနချုပ်) ရုံးမှာ ပြုလုပ်တဲ့ ဒုတိယဗဟိုကော်မတီ၊ တတိယ ပုံမှန်အစည်းအဝေး မှာ ပြောခဲ့ပါတယ်။

''ဒီလိုမဟုတ်ဘဲ ညွန့်ပေါင်း ပုံစံအနေအထားနဲ့သာဖြစ်ခဲ့မယ် ဆိုရင် တိုင်းပြည်ရဲ့အခြေအနေဟာ ရှေ့မတိုးနိုင်၊ နောက်မဆုတ် သာ ဖြစ်နိုင်တာကို သတိပြုကြဖို့ လိုပါတယ်''လို့ သဘာပတိက သတိပေး သွားပါတယ်။

ရခိုင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲတုန်းက အနိုင်ရမှုနည်းခဲ့သလို ကယားမှာလည်း အရင်အာဏာရ ပါတီက အနိုင်ရနယ်မြေတွေရှိပါတယ်။
ကော်မတီဖွဲ့ပြီး ဘာလုပ်မှာလဲ

ကော်မတီ ဖွဲ့ပြီးရင်တော့ ဒီကော်မတီဟာ တိုင်းရင်းသားတွေနဲ့တွေ့ဆုံပြီး ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်သွားမယ်လို့လည်း ကော်မတီလုပ်ငန်းစဉ်တွေကို ဒေါက်တာမျိုးညွန့်က ရှင်းပြပါတယ် ။

ဒီမိုကရေစီဖက်ဒရယ်ကို သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်က အတူ ရှိပေမယ့် တိုင်းရင်းသားတွေနဲ့ သဘောကွဲလွဲမှုတွေ ရှိရတာဟာ ထိတွေ့မှု ဝေးကွာသွားလို့ ဖြစ်ပါတယ် လို့ဒေါက်တာမျိုးညွန့်က ပြောပါတယ် ။

ပိုပြီးတော့နီးစပ်တဲ့ဆက်ဆံရေးထူထောင်မှာဖြစ်သလို အားလုံးအကျိုးရှိမယ်ပူးပေါင်းဆောင်ရွှက်မှုတွေရအောင် ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့လည်း ပြောပါတယ်။

ရန်ကုန်မှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ အဖွဲ့ချုပ် အဖွဲ့ဝင်များကြား ညီညွတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်တွေအဖြစ် ချမှတ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ