အသတ်ခံခဲ့ရတဲ့ ကရင်လူ့အခွင့်အရေးလှုပ်ရှားသူကိစ္စ စုံစမ်းဖော်ထုတ်ဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်း

ကရင်လူ့အခွင့်အရေးလှုပ်ရှားသူ Billy ခေါ် Porlajee Rakchongcharoen ၏ဇနီးဖြစ်သူ Pinapa Prueksawan ၂ဝ၁၆ မတ်လက သတင်းထောက်များနှင့် တွေ့ဆုံစဉ်။ /(Photo: BenarNews)
ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကရင်တိုင်းရင်းသား Billy ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ကို ထိုင်းအစိုးရအနေနဲ့ အမြန်ဆုံး စုံစမ်းဖော်ထုတ် အရေးယူသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မနေ့က ပြောလိုက်ပါတယ်။

သူဟာ အိမ်ဖျက်ခံရတဲ့ ကရင်လူမျိုးတွေနဲ့တွေ့ဖို့အသွား ပက်ချာဘူရီခရိုင်မှာ ၂ဝ၁၄ ခုနှစ် ဧပြီလက ပျောက်ဆုံးသွားတာပါ။ ပက်ချာဘူရီခရိုင်မှာရှိတဲ့ ကန်ကရာချန် အမျိုးသားဥယျာဉ် အာဏာပိုင်တွေက သူ့ကို ပျားရည် တရားမဝင် သယ်လာတယ် ဆိုတဲ့သံသယနဲ့ ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ အဲဒီအချိန်က ပြောခဲ့ပါတယ်။ အဲဒီနောက် ငါးနှစ်ကျော်အကြာမှာတော့ သူ့အရိုးစုကို ကန်ကရာချန် အမျိုးသားဥယျာဉ်ထဲက ရေကန်အောက်ကနေ မကြာသေးခင်ရက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ခုအခါမှာ Billy ရဲ့ ရုပ်ကြွင်းတွေကို ရှာတွေ့ပြီဖြစ်တဲ့အတွက် ထိုင်းအာဏာပိုင်တွေအနေနဲ့ အများယုံကြည်လက်ခံနိုင်မယ့် စုံစမ်းဖော်ထုတ်မှုတွေကို ချက်ခြင်းစတင်ပြီး တရားဥပဒေအတိုင်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adam ကပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ၂ဝ၁၂ ခုနှစ်က သဘောတူ လက်မှတ်ထိုးခဲ့တဲ့ “အဓမ္မခေါ်ဆောင်ခံရပြီး ပျောက်ဆုံးသွားသူများကို အကာအကွယ်ပေးရေးဆိုင်ရာ နိုင်ငံတကာစာချုပ်“ ကို အတည်ပြုလက်မှတ်ရေးထိုးပြီး ဥပဒေတွေ ပြဋ္ဌာန်းဖို့ ဝန်ကြီးချုပ် ပရာယုချန်အိုချာကို HRW အဖွဲ့က တောက်လျှောက် တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ သူ ပါဝင်လက်မှတ်ထိုးထားတဲ့ နိုင်ငံတကာ သဘောတူစာချုပ်တွေအရ အခုလို “အဓမ္မခေါ်ဆောင်ခံရပြီး ပျောက်ဆုံးသွားမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ဖမ်းဆီးထားစဉ်အတွင်း သေဆုံးမှုတွေ အပါအဝင် လူ့အခွင့်အရေး ဆိုးရွားတဲ့ ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ပြီး သင့်လျော်သလို အရေးယူဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ HRW အဖွဲ့က ပြောလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အသတ်ခံခဲ့ရတဲ့ ကရင်လူ့အခွင့်အရေးလှုပ်ရှားသူကိစ္စ စုံစမ်းဖော်ထုတ်ဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်း အသတ်ခံခဲ့ရတဲ့ ကရင်လူ့အခွင့်အရေးလှုပ်ရှားသူကိစ္စ စုံစမ်းဖော်ထုတ်ဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်း Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.