ဆန္ဒပြပြီးနောက် ၀ါးစိမ်းတောင်ဒေသ သတ္ထုသိုက်ရှာဖွေခွင့် တိုင်းအစိုးရ ပြန်လည်ရုတ်သိမ်း


မုံရွာ၊စက်တင်ဘာ-၃၀

ဝါးစိမ်းတောင် ဒေသခံတောင်သူများ မုံရွာမြို့တွင် ယနေ့ နံနက်ပိုင်းက ဆန္ဒပြပြီးနောက် ယင်းဒေသတွင် သတ္ထုသိုက်စမ်းသပ် ရှာဖွေခွင့် ကန့်ကွက်ရန်မရှိကြောင်းသဘောထားမှတ်ချက်အား စစ်ကိုင်းတိုင်းအစိုးရမှ ပယ်ဖျက်လိုက်သည်။


ဒေသခံများ၏ သဘောထားကို ရှေးရူ၍ ယနေ့ပြုလုပ်သော အစိုးရအဖွဲ့ ကတ်ဘိနက် အစည်းအဝေး (၂၂/၂၀၁၉)အရ ပယ်ဖျက်လိုက်ခြင်းဖြစ်ပြီး သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့လည်း ပြန်လည် သဘောထားပေးပို့ပြီးဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

“အရင်ကလည်း ဆိုင်းငံ့ ထားဖူးပါတယ်၊ ခုဟာလည်းတူးမှာတော့မဟုတ်သေးပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် စိုးရိမ်ဖို့မရှိပါဘူး၊ခွင့်ပြုတယ်ဆိုတာလည်း ကန့်ကွက်ရန် မရှိကြောင်းပြောတာပါ၊ ပြည်သူ့ဆန္ဒပါ “ဟု တိုင်းအစိုးရ အဖွဲ့ပြောရေးဆိုခွင့် ရှိသူ စည်ပင်သာယာရေး ၀န်ကြီးဦးမြင့်ကြည်က ပြောသည်။

မြန်မာ-ယန်စီ ကုမ္မဏီမှ ကြေးစင်တောင် ကြေးနီစီမံကိန်း၏ တိုးချဲ့လုပ်ကွက်အဖြစ် ဆားလင်းကြီး၊ယင်းမာပင်၊ကနီမြို့နယ်ဝန်းကျင် ၀ါးစိမ်းတောင်ဒေသတွင် ကြေးနီနှင့်ဆက်စပ် သတ္ထုရှာဖွေရေး ဖြစ်နိုင်စွမ်းအား မြေဧက တစ်သိန်းကျော်တွင် ရှာဖွေခွင့် လျှောက်ခြင်းဖြစ်သည်။

၎င်းတို့ထဲမှ ဧက ၂သောင်းကျော်တွင် ရှာဖွေခွင့်ပေးပြီး ကန့်ကွက်ရန် မရှိကြောင်းစစ်ကိုင်းတိုင်းအစိုးရမှ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်ပေးပို့ခဲ့ခြင်းဖြစ်သည်။

၎င်းမှတ်ချက်အား မကျေနပ်၍ ဒေသခံအင်အား ၈၀၀ ကျော်သည် မုံရွာမြို့သို့ ယနေ့နံနက်ပိုင်းက ချီတက်လာ၍ ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အောင်ထွန်း
Monywa Gazette
https://www.facebook.com/monywagazette
ဆန္ဒပြပြီးနောက် ၀ါးစိမ်းတောင်ဒေသ သတ္ထုသိုက်ရှာဖွေခွင့် တိုင်းအစိုးရ ပြန်လည်ရုတ်သိမ်း ဆန္ဒပြပြီးနောက် ၀ါးစိမ်းတောင်ဒေသ သတ္ထုသိုက်ရှာဖွေခွင့် တိုင်းအစိုးရ ပြန်လည်ရုတ်သိမ်း Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.