ကွတ်ခိုင်အထွက် နမ့်ကွတ်ရွာအနီးမှာ တစ်ညတည်း ကား ၇ စီး မီးရှို့ခံရ

 အိမ်စီးကား ၃စီးနဲ့ ကုန်တင်ယာဉ် ၄ စီးကို တစ်ချိန်တည်းမှာ မီးရှို့ ဖျက်ဆီးခံခဲ့ရ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက် နမ့်ကွတ်ကျေးရွာအနီး ကားလမ်းမှာ စက်တင်ဘာ ၃ ရက်ညနေ ၆ နာရီဝန်းကျင်က အိမ်စီးကား ၃စီးနဲ့ ကုန်တင်ယာဉ် ၄ စီးကို တစ်ချိန်တည်းမှာ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

'' ညပိုင်း ၆နာရီလောက်မှာ စဖြစ်တာ။ ပထမက ၃ စီးကို ကန့်လန့်ဖြတ်ပြီး ရပ်ထားတာ။ ဖြစ်ဖြစ် ချင်းကို သူတို့က ဖုန်းတောင်းတယ်။ သော့တောင်းတယ်။ ပိုက်ဆံတောင်း တယ်။မှတ်ပုံတင် တောင်းတယ်။ တောင်းပြီးတော့ သူတို့ကပြောတယ် ဖုန်းမေးတဲ့ကောင်တွေအကုန် ပေးရင် စစ်လို့ တွေ့ရင်အကုန်သတ်မှာနော်လို့ ပြောတယ်။ ကြောက်တော့ အကုန်ပေးရတာပဲ'' လို့ စက်တင်ဘာ ၃ ရက်ညပိုင်းက တွေ့ကြုံရတဲ့အခြေအနေကို ဖျက်ဆီးခံခဲ့ရတဲ့ ကားပိုင်ရှင် တစ်ဦး ဖြစ်သူ ကိုသူရအောင်ကပြောပြပါတယ်။

လက်နက်ကိုင်အဖွဲ့ တစ်ခု က ကားတွေကို တားပြီး မီးရှို့စဉ်က ကား ၁၀ စီးကျော်ရှိပြီး မီးစလောင်စဉ်မှာပဲ ကားသမားအချို့မောင်းပြေးနိုင်ခဲ့တဲ့အတွက် ၇ စီးသာ မီးလောင် ပျက်စီးခဲ့ရတာဖြစ်တယ်လို့ လည်း သိရပါတယ်။

ကားသော့ပါ အသိမ်းခံခဲ့ရတဲ့အတွက် မောင်းမထွက်နိုင်ဘဲ ကားတစ်စီးလုံးဆုံးရှုံးခဲ့ရ

' ' ကျွန်တော်တို့ကားက မီးကို ငြှိမ်းပြီးသား ။ တခြားသော့ကျန်တဲ့ကားတွေကို နိုင်သလောက် ကူငြှိမ်းပေးတာ ကား ၃စီးလွတ်သွားတယ်။ ကျွန်တော်တို့ကားကတော့ သော့မရှိတော့ လောင် သွားတယ်။ ပိုင်ဆိုင်မှုဆိုလို့ ဒီကားတစ်စီးပဲရှိတော့ နှမြောတာပေါ့လေ''လို့ ကိုသူရအောင်က ထပ်မံပြောပြပါတယ်။

မီးရှို့ခံခဲ့ရတဲ့ ကား (၇) စီးပေါ်မှာ လိုက်ပါလာတဲ့သူ စုစုပေါင်း ၂၀ ဝန်း ကျင်ခန့်ရှိပြီး ကားမီးရှို့ခံရတဲ့ နေရာအနီးက နေအိမ်တစ်ခုမှာ အကူအညီတောင်းညအိပ်ခဲ့ရပြီး ဒီကနေ့ စက်တင်ဘာ ၄ရက်နေ့ မနက်ပိုင်းမှာမှ လူမှုရေးအဖွဲ့အချို့က သွားရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

' ' မနေ့ကညနေကတည်းက သတင်းကြားပေမယ့် နယ်မြေအနေအထားအရ ဒီမနက်မှ သွားခေါ် နိုင်တယ်။'' လို့ သွားရောက် ကူညီခဲ့တဲ့ နယ်စည်း မခြား ပရဟိတ(သီပေါ)အဖွဲ့က ကိုမျိုးက ဘီဘီစီ ကိုပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ဖွဲ့တို့အကြား လက်ရှိဖြစ်ပေါ် နေတဲ့ တိုက်ပွဲတွေအတွင်း မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးခံရတာတွေဟာ ၁၀ စီးကျော်ရှိနေပြီ ဖြစ်ပါ တယ်။

' ' မိသားစုတစ်စုမှာ စိတ်ပူတာပေါ့။ စားဝတ်နေရေးက ခက်ခဲနေတော့ ဒီကားထွက်မှ စားရမှာဆိုတော့ ကျွန်တော်တို့က ကားပဲမောင်းရတာပေါ့။ အိမ်ထောင်ဦးစီးသာ ကတိမ်းကပါးဖြစ်သွားမယ်ဆိုရင် မိသားစုက ဒုက္ခအများကြီးရောက်သွားနိုင်တယ်။ ပူတာပေါ့''လို့ ကားတွေဆက်တိုက်ဆိုသလို မီးရှို့ဖျက်ဆီးခံနေရပေမယ့် တိုက်ပွဲဖြစ်နေချိန်အတွင်းမှာ ယာဉ်မောင်းထွက်ရတဲ့အခြေအနေကို ကိုသူရအောင်က ပြောပြပါတယ်။

BBC Burmese
https://www.bbc.com
ကွတ်ခိုင်အထွက် နမ့်ကွတ်ရွာအနီးမှာ တစ်ညတည်း ကား ၇ စီး မီးရှို့ခံရ ကွတ်ခိုင်အထွက် နမ့်ကွတ်ရွာအနီးမှာ တစ်ညတည်း ကား ၇ စီး မီးရှို့ခံရ Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.