ဇင်းကျိုက်မြို့ဖလပ်ဈေးတွင် ကလေးငယ်တစ်ဦးထံမှရွှေဆွဲကြိုးဖြတ်လုမှုဖြစ်ပွား


ဇင်းကျိုက် စက်တင်ဘာ ၁၃

ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်ဈေးတွင် အဖွားနှင့်အတူလိုက်ပါလာသော ကလေးငယ်တစ်ဦး၏လည်ပင်းတွင်ဝတ်ဆင်ထားသော ရွှေဆွဲကြိုးတစ်ကုံးအား အမျိုးသမီးတစ်ဦးက ကတ်ကြေးဖြင့် ဖြတ်လုမှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။

ဖြစ်စဉ်မှာ မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ ဇင်းကျိုက်မြို့ ၊ ဖလပ်ရပ်ကွက်ဈေးအတွင်း၌ စက်တင်ဘာ ၁၂ ရက် နံနက် ၈ နာရီခန့်က ဒေါ်မိလေး ၊ ၅၆ ၊ ( နှစ် ) ၊ အင်းပိုင်း (၁၃) ရပ်ကွက် ၊ ဇင်းကျိုက်မြို့ ၊ ပေါင်မြို့နယ်နေသူသည် သမီးဖြစ်သူ မခိုင်ခိုင်ထွန်း ၊ မြေးဖြစ်သူ မနှင်းယမင်းမွန်တို့နှင့်အတူ ဇင်းကျိုက်မြို့ ၊ဖလပ်ရပ်ကွက်ဈေးအတွင်းတွင် ဈေးဝယ်နေစဉ်မခိုင်ခိုင်ထွန်းမှ "နှင်းယမင်းမွန်ရဲ့ဆွဲကြိုးမရှိတော့ဘူး " ဟု မိခင်ဖြစ်သူအားလှမ်းပြောလိုက်သဖြင့် ဒေါ်မိလေးမှာအနောက်ဘက်သို့လှည့်ကြည့်လိုက်စဉ် အမည်မသိ အမျိုးသမီးတစ်ဦးက မနှင်းယမင်းမွန်၏ လည်ပင်းတွင်ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအား ဖြတ်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် သူခိုး သူခိုးဟု အော်ဟစ်ပြောဆို၍ ၎င်းအမျိုးသမီး၏လက်အားလှမ်းဆွဲခဲ့ရာ အနီးအနားမှလူများက ဝိုင်းဝန်းကူညီပေးခဲ့သဖြင့် ထိုအမည်မသိအမျိုးသမီးလက် အတွင်းဝယ် မနှင်းယမင်းမွန်၏ ရွှေဆွဲကြိုး ၊ ၁၅ ပဲရည် သံကြိုးအမျိုးအစား အလေးချိန်( ၆ ) ပဲခန့် ၊ ပြတ်လျှက်သား ( ၁ ) ကုံးနှင့် အရှည်( ၄ )လက်မခန့်ရှိ ထိပ်ဖျားချွန်ကတ်ကြေးအသေး( ၁ ) ခုတို့အား တွေ့လိုက်ရသည် ။၎င်းအမည်အားမေးမြန်းရာ မလဲ့လဲ့မျိုး ၊ ၅၀ (နှစ်) ၊ ကွင်းကျောင်းလမ်း ၊ ဈေးကြိုရပ် ၊ မော်လမြိုင်မြို့နေသူဖြစ်ကြောင်း သိရသည်။

သိုဖြစ်ပါ၍ မြေးဖြစ်သူ မနှင်းယမင်းမွန်၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးအား ကတ်ကြေးဖြင့်ဖြတ်ကာခိုးယူထွက်ပြေးခဲ့သူ မလဲ့လဲ့မျိုးအား ဥပဒေအရအရေးယူပေးပါရန် ဒေါ်မိလေးမှ တိုင်တန်းသဖြင့် ပေါင်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်ထားကြောင်း သိရသည် ။

နေခြည် ( ဇင်းကျိုက် )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဇင်းကျိုက်မြို့ဖလပ်ဈေးတွင် ကလေးငယ်တစ်ဦးထံမှရွှေဆွဲကြိုးဖြတ်လုမှုဖြစ်ပွား ဇင်းကျိုက်မြို့ဖလပ်ဈေးတွင် ကလေးငယ်တစ်ဦးထံမှရွှေဆွဲကြိုးဖြတ်လုမှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.