ရှမ်းမြောက်တလွှား တိုက်ပွဲတွေကြောင့် ရဲနဲ့ အရပ်သား သေဆုံးသူ ၂၀ဦး အထိရှိလာ


တောင်ကြီး၊ စက်တင်ဘာ ၃

ရှမ်းပြည်နယ် မြောက်ပိုင်းတလွှားမှာ သြဂုတ်လ၁၅ရက်ကနေ စတင်ကာ စက်တင်ဘာလ ၂ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် ရဲ့နဲ့ အရပ်သား စုစုပေါင်း ၂၀ဦး သေဆုံးခဲ့ရတယ်လို့ ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရပါတယ်။

နောင်ချို၊ လားရှိုး၊ ကျောက်မဲ၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ သိန်းနီ၊ နမ့်ခမ်းစတဲ့ရှမ်းမြောက်ဒေသတွေမှာ TNLA၊ AA ၊MNDAA တို့ ပူးပေါင်းထားတဲ့ ညီနောင်မဟာမိတ်အဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် တပ်မတော်သားတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မပါဝင်တဲ့ အရပ်သား သေဆုံးသူ ၂၀ဦးအထိရှိလာပြီး ၄၉ဦးအထိ ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှုဦးစိုးနိုင်က ရွှေတြိဂံဒေသသတင်းဌာနကို ပြောပါတယ်။

"သေဆုံးသူကတော့ ၂၀ရှိပါပြီ။ အဲဒီအထဲမှာ တပ်မတော်သားတွေ မပါဝင်ပါဘူး။ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေဘဲ ပါတာပါ။ သေဆုံးသူကို ထောက်ပံ့ငွေ၃သိန်းနဲ့ ဒဏ်ရာရသူတွေကို ၅သောင်းကျပ် ထောက်ပံ့ပေးထားပါတယ်။ တိုက်ပွဲတွေက ဒီနေ့အထိ အသံတွေကြားနေရပေမယ့် တဖြည်းဖြည်းတော့ အခြေအနေကောင်းလာပါပြီ" လို့ သူကပြောပါတယ်။

အဆိုပါတိုက်ပွဲဖြစ်စဉ်တွေကြောင့် ကယ်ဆယ်ရေးစခန်းတွေကို လားရှိုး၎ခု၊ ကွတ်ခိုင်မှာ၉ခု၊ သိန္နီမှာ ၁ခု ဖွင့်လှစ်ထားပြီး လားရှိုးက ကယ်ဆယ်ရေးစခန်းတွေမှာ အိမ်ထောင်စု ၃၀၃စု၊ လူဦးရေ ၁၁၅၉ဦး၊ ကွတ်ခိုင်ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ ၃၉၀စု၊ လူဦးရေ ၁၄၄၅ဦး၊ သိန္နီက ကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၁၂စု၊ လူဦးရေ ၅၆ဦးတို့က စစ်ဘေးဒဏ်ကိုခံစားနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် အိမ်ထောင်စု၇၅၀စုနဲ့ လူဦးရေ ၂၆၇၀ဦးတို့ကို ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေ အိမ်ထောင်စုတစ်စုကို ဆန်ဖိုးတစ်ပါတ်စာ၊ ကယ်ဆယ်ရေးပစ္စည်း၁၀မျိုး (တန်ဖိုးငွေ၁၈၅၁၀ကျပ်)ကို ထောက်ပံ့ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ရှမ်းမြောက်တလွှား တိုက်ပွဲတွေကြောင့် ရဲနဲ့ အရပ်သား သေဆုံးသူ ၂၀ဦး အထိရှိလာ ရှမ်းမြောက်တလွှား တိုက်ပွဲတွေကြောင့် ရဲနဲ့ အရပ်သား သေဆုံးသူ ၂၀ဦး အထိရှိလာ Reviewed by THITHTOOLWIN on 01:56 Rating: 5
Powered by Blogger.