ထိုင်းဘတ် ဈေးတက် ကုန်စည်လည်း ဈေးတက် နယ်စပ်ဒေသခံများအခက်တွေ့


စက်တင်ဘာ ၆ ရက် ၂၀၁၉

ထိုင်းဘတ်ငွေဈေးနှုန်းတရိပ်ရိပ်မြင့်တက်လာသည့်အတွက် ထိုင်း-မြန်မာနယ်စပ် ကုန်စည်များ ဈေးမြင့်နေကြောင်း သတင်းရရှိသည်။

လက်ရှိ ထိုင်း-မြန်မာ နယ်စပ်တွင် အလုပ်လုပ်ကိုင်သည့် စီးပွားရေးသမားများနှင့် ပြည်သူလူထုသည် ထိုင်းဘတ်ငွေဈေးနှုန်းမြင့်တက်လာသည့်နောက် ကုန်ဈေးနှုန်းများလည်းလိုက်တက်လာရာ စိုးရိမ် ပူပန် မှုများဖြစ်နေကြကြောင်း တာချီလိတ်တွင် နေထိုင်သည့် ကုန်သည်တဦးဖြစ်သည် နန်းဟွမ်ပေါင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ထိုင်း ငွေရော ကုန်ပစ္စည်းရော ဈေးတက်တော့ အလုပ်မဖြစ်ဘူး။ စီးပွားရေးသမားတွေအတွက်တော့ ခေါင်းကိုက်နေရတယ်” ဟု နန်းဟွမ်ပေါင်းက ငြီးငြူပြောဆိုသည်။

လက်ရှိ ထိုင်းဘတ်ငွေ ပေါက်ဈေး မြန်မာငွေမှ ထိုင်းဘတ် လဲလှယ်ပါက ၁ သိန်းကျပ်မှာ ဘတ် ၁၉၇၀ (ဘတ် ၁၀၀=၅၀.၇၆ ကျပ်) ထိ ဈေးမြှင့်တက်နေကြောင်း သိရသည်။

“ ထိုင်း ဘတ် ငွေ က အရမ်းတက်လာတယ်။ ထိုင်းဘတ် ငွေ ဆက်မာဖို့ တက်ဖို့ ပဲ ရှိမယ်။ ကျမတို့က ကုန်ပစ္စည်းတွေကို ဘတ်ငွေနဲ့ ဝယ်ရတယ်။ ပြန်ရောင်းတော့ မြန်မာငွေကျပ်ပဲရတယ်။ ငွေဈေးလှဲလှယ်တဲ့ချိန် အရှုံးပေါ်တယ်” ဟု နန်းဟွမ်ပေါင်း က ဆိုသည်။

သြဂုတ်လ ၂၀ ရက်နေ့မှ စတက်လာသည့် ထိုင်းဘတ်ငွေဈေးကြောင့် ထိုင်း-မြန်မာ နယ်စပ် တာချီလိတ် မြို့တွင် နေထိုင်သူများအတွက် အခက်ကြုံနေရသည်ဟု ဒေသခံများ ပြောပြချက် အရသိရသည်။

တာချီလိတ်တွင် နေထိုင်သူများသည် မြန်မာ မှ ထိုင်းဘတ်ငွေ သို့ လှဲသုံးရသည့်အတွက် ထိုင်းဘတ်ငွေ ဈေးတက်လာပါက ဒေသခံများ အတွက် အလိုအလျောက် ကုန်ဈေးနှုန်းများ တက်နေသည်ဟု နန်းဟွမ်ပေါင်း က ထပ်လောင်းပြောသည်။

“ ဒီမှာက ဘတ်ငွေပဲ သုံးတယ်။ ဘာဝယ်ဝယ် ဘတ်ငွေဆိုတော့ မြန်မာငွေ လစာရတဲ့ သူတွေ အတွက် တော့ အဆင်မပြေဘူး။ ဘတ် ၂၀ ကန်စွန်းရွက် အရင်က ၄၀၀ကျပ် ဆိုရင် အခု ၅၀၀ ကျပ်ဖြစ်ပြီလေ” ဟု တာချီလိတ်တွင် လခစားဝန်ထမ်းလုပ်နေသည့် နန်းချယ်ရီ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိမှာ ထိုင်းဘတ်ငွေဈေးမြင့်တက်ပြီး မြန်မာ ကျပ်ငွေဈေးလျော့ကျလာသဖြင့် တနိုင်တပိုင် ရောင်းဝယ်သူများနှင့် အခြေခံ စားသောက်ကုန် ဝယ်ယူသုံးစွဲနေသည့်သူများအတွက် အခက်ကြုံနေရသည် ဟု နန်းချယ်ရီ ကပြောသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသသည် အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ မှ အခြေခံ စားသောက်ကုန်များကို ဝယ်ယူသုံးစွဲနေရသဖြင့် ယခုကဲ့သို့ ကုန်ဈေးနှုန်းများ မြင့်တက်နေသည်ကို ပြည်သူများ ညည်းတွားနေကြသည်။

သို့သော် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နေသူများ မိဘဆွေမျိုးများထံ ပိုက်ဆံပေးပို့မည်ဆိုပါက မြန်မာငွေအရေအတွက်ပိုများသဖြင့် အဆင်ပြေကြောင်း ငွေလှဲလုပ်ငန်းလုပ်နေသူများကပြောဆိုနေကြသည်။

ယခုရက်ပိုင်း ရွှေဈေးလည်းတက်နေရာ အခေါက်ရွှေ တကျပ်သား လျှင် ကျပ် ၁, ၃၀၇, ၀၀၀ အထိမြင့်တက်ခဲ့ပြီး အမေရိကန် တ ဒေါ်လာ လျှင် ၁၅၃၈ ကျပ် အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ထိုင်းဘတ် ဈေးတက် ကုန်စည်လည်း ဈေးတက် နယ်စပ်ဒေသခံများအခက်တွေ့ ထိုင်းဘတ် ဈေးတက် ကုန်စည်လည်း ဈေးတက် နယ်စပ်ဒေသခံများအခက်တွေ့ Reviewed by THITHTOOLWIN on 08:23 Rating: 5
Powered by Blogger.