ကိုးကန့်ဒေသ၊ လောက်ကိုင်နဲ့ကုန်ကြမ်းမြို့နယ်တို့မှာ ပုဒ်မ၁၄၄ထုတ်ပြန်

ဓာတ်ပုံ - Nay Myo

တောင်ကြီး၊ စက်တင်ဘာ၁၀

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်နဲ့ကုန်းကြမ်းမြို့နယ်အတွင်းမှာ စက်တင်ဘာလ၉ရက်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးကနေ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ(၁၄၄)ကို ထုတ်ပြန်ကြေငြာလိုက်တယ်လို့ သိရပါတယ်။

လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့နယ်အတွင်းမှာ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေး၊ အများပြည်သူ လိုက်နာကျင့်သုံးနိုင်ရေး တို့အတွက် ပုဒ်မ၁၄၄ကို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ယင်းအမိန့်စာမှာ ပါရှိပါတယ်။

အဆိုပါအမိန့်စာမှာ ည၉နာရီမှ နံနက်၅နာရီအထိ မည်သူမဆိုအမိန့်တစ်စုံတစ်ရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ လမ်းများပေါ်တွင် သွားလာခြင်းမပြုရ၊ လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနှင့်ဆိုင်တဲ့ အဆောက်အဦနေရာတွေမှာ ဆူပူလှုံ့ဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လိုသောရည်ရွယ်ချက်နဲ့ဖြစ်စေ၊ လူ၅ဦး(သို့)၅ဦးထက်ပို၍ဖြစ်စေ၊ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းထင်းဆန်ခတ်ပြုခြင်းတို့ကို မပြုလုပ်ရလို့ ပါရှိပါတယ်။

ဒီလို ညမထွက်ရအမိန့်၊ ပုဒ်မ ၁၄၄ ကို ဘာကြောင့် ထုတ်ပြန်လဲဆိုတာကို မသိရသေးဘူးလို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ရွှေတြိဂံဒေသသတင်းဌာနကို ပြောပါတယ်။

"ပုဒ်မ၁၄၄ထုတ်ကို ကျွန်တော်မသိရသေးပါဘူး။ အခုမှသိရတာပါ။ လောက်ကိုင်ကတော့ အရင်ကတည်းက ထုတ်ထားတာပါ။ ကုန်းကြမ်းက အခုမှပါလာတယ်။ ကျွန်တော်လည်း သေချာမေးရအုံးမယ်"လို့ သူက ပြောပါတယ်။

မည်သူမဆို တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ ပြင်းထန်စွာအရေးယူခံရမည်ဖြစ်ပြီး အဆိုပါအမိန့်ကိုထုတ်ပြန်တဲ့နေ့မှ နောက်ထပ်တစ်စုံတစ်ရာထုတ်ပြန်မှု မပြုမခြင်းအတည်ဖြစ်တယ်လို့လည်း ယင်းအမိန့်စာ ပါရှိချက်အရ သိရပါတယ်။

ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကိုးကန့်ဒေသ၊ လောက်ကိုင်နဲ့ကုန်ကြမ်းမြို့နယ်တို့မှာ ပုဒ်မ၁၄၄ထုတ်ပြန် ကိုးကန့်ဒေသ၊ လောက်ကိုင်နဲ့ကုန်ကြမ်းမြို့နယ်တို့မှာ ပုဒ်မ၁၄၄ထုတ်ပြန် Reviewed by THITHTOOLWIN on 14:22 Rating: 5
Powered by Blogger.