ဘီပီအိုင် စက်ရုံမှူးအမှု - အများအကျိုး ကာကွယ်ဖို့ အရေးယူတာလို့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ပြော

ဝန်ထမ်းတွေရဲ့ ထောက်ခံချက်တွေကို ကော်မရှင်က ထည့်စဉ်းစားခဲ့ပေမဲ့ ခိုင်လုံတဲ့ အထောက်အထားတွေရှိလို့ အရေးယူတာလို့ဆို
အဂတိ တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူ ခံထားရတဲ့ ဘီပီအိုင် ဆေးဝါးစက်ရုံမှူးကို ဥပဒေနဲ့ အညီအရေးယူဖို့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေလို့ အရေးယူတာဖြစ်တယ်လို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အင်းစိန် ဘီပီအိုင် ဆေးဝါးစက်ရုံမှူးရဲ့ ကြိုးစားမှုနဲ့ အောင်မြင်မှုကို ကော်မရှင်က အသိအမှတ်ပြုပေမဲ့ အရေးယူဖို့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေတဲ့အတွက် တစ်ဦး တစ်ဌာန အကျိုးထက် အများ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အရေးယူတာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်း အင်းစိန်ရဲစခန်းမှာ စက်တင်ဘာလ ၆ ရက်က အမှုဖွင့် တရားစွဲဆိုခံထားရတဲ့ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) ရဲ့ စက်ရုံမှူး ဒေါက်တောအောင်ဇော်ကို အင်းစိန် မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးတဲ့ စက်တင်ဘာလ ၉ ရက်မှာ ကော်မရှင်က အခုလို ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒေါက်တာအောင်ဇော်ကို ရုံးထုတ်ရာမှာ ဆေးဝါးစက်ရုံ ဝန်ထမ်းတွေက 'ကိုယ်ကျိုးမဖက် ဘီပီအိုင် အကျိုးအတွက် ဆောင်ရွက်တဲ့ စက်ရုံမှူးကို ဝန်းရံဖို့ စက်ရုံဝန်ထမ်းများ'ဆိုတဲ့ စာပါတဲ့ စာရွက်တွေကိုင်ပြီး လာရောက် ဝန်းရံအားပေးကြပါတယ်။

စက်တင်ဘာလ ၁၉ ရက်ကို ရမန်ပြန်ပေးခဲ့
စက်ရုံမှူးကို အရေးယူတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ရေးသားတာတွေနဲ့ စက်ရုံမှူးကို ဝန်ထမ်းတွေရဲ့ထောက်ခံချက် အများအပြားရှိတာကို လက်ခံစဉ်းစားခဲ့ပေမဲ့ ကော်မရှင်ရဲ့ သဘောတရားအရ လူထုကို ရေရှည် ထိခိုက် ဆုံးရှုံးမှုတွေဖြစ်နိုင်ရှိလို့ အချိန်မီ တားဆီးဖို့ ကော်မရှင် အစည်းအဝေးမှာ အလေးအနက် စဉ်းစားပြီး အရေးယူဖို့ ဆုံးဖြတ်ခဲ့တာလို့ ကော်မရှင်က ဆိုပါတယ်။

အခု အင်းစိန် မြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခံရတဲ့ စက်ရုံးမှူးကို တရားရုံးက စက်တင်ဘာလ ၁၉ ရက်ကို ရမန်ပြန်ပေးခဲ့ပါတယ်။

 ဆေးဝါး ထုပ်ပိုးပစ္စည်းတွေ ထုတ်လုပ်ဖို့ ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ ဝယ်ခဲ့လို့ အရေးယူခဲ့တာလို့
အခု စက်ရုံမှူးကို အရေးယူတာဟာ စက်ရုံမှူးနဲ့ ပတ်သက်လို့ တိုင်စာရတဲ့အတွက် ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးခဲ့ရာမှာ စက်ရုံမှူး ဒေါက်တာ အောင်ဇော်က ဆေးဝါး ထုပ်ပိုးပစ္စည်းတွေ ထုတ်လုပ်ဖို့ ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ ဝယ်ခဲ့လို့ အရေးယူခဲ့တာလို့ ကော်မရှင်က အရေးယူတဲ့ အကြောင်းကို စက်တင်ဘာ ၇ ရက်မှာထုတ်ပြန်ထားခဲ့ပါတယ်။

ဘီပီအိုင် စက်ရုံမှူးကို အရေးယူထားတဲ့ အဂတိ တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဟာ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့် အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ အဲဒီ ဥပဒေမှာ ဖော်ပြထားပါတယ်။

BBC Burmese
https://www.bbc.com
ဘီပီအိုင် စက်ရုံမှူးအမှု - အများအကျိုး ကာကွယ်ဖို့ အရေးယူတာလို့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ပြော ဘီပီအိုင် စက်ရုံမှူးအမှု - အများအကျိုး ကာကွယ်ဖို့ အရေးယူတာလို့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ပြော Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.