တိုက်ပွဲတွေ ရပ်တန့်ရေး ကြိုးပမ်းမယ်လို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းလေးဖွဲ့ ထုတ်ပြန်

မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ၂ဝ၁၉ သြဂုတ် ၃၁ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ တွေ့ဆုံစဉ်
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်က ဒီနေ့ ကျိုင်းတုံမြို့က တွေ့ဆုံပွဲအပြီးမှာ ပူးတွဲကြေညာချက် ထုတ်လိုက်ပါတယ်။

တရုတ်အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ တအာင်းအဖွဲ့ (TNLA/PSLF)၊ ကိုးကန့်အဖွဲ့ (MNDAA/MNTJP)၊ ကချင်အဖွဲ့ (KIO, KIA) နဲ့ ရခိုင်အဖွဲ့(AA/ ULA) ကိုယ်စားလှယ်တွေဟာ အစိုးရဘက်က နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံပွဲမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေးနဲ့ ပဏာမ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးကို ဦးတည်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တပ်နေရာချထားရေးကိစ္စနဲ့ တိုက်ပွဲတွေ မဖြစ်အောင် ဘယ်လိုစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ ချမှတ်မလဲဆိုတဲ့ကိစ္စတွေကို တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်လို့ တွေ့ဆုံပွဲအပြီး ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။

နောက်တစ်ကြိမ် တွေ့ဆုံပွဲကိုတော့ စက်တင်ဘာလလယ်မှာ ကျင်းပဖို့ နှစ်ဘက် သဘောတူခဲ့ကြပြီး နေရာကိုတော့ အတည်ပြုနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

စက်တင်ဘာလလယ်မှာ တွေ့ဆုံမယ့်ပွဲမှာတော့ တပ်ကိုယ်စားလှယ်တွေ လိုက်ပါနိုင်ရေးအတွက် အစိုးရဘက်က ကျိုင်းတုံမှာပဲ တွေ့ဆုံလိုပြီး၊ တိုင်းရင်းသားအဖွဲ့တွေကတော့ ပန်ဆန်းနဲ့ တရုတ်ပြည်က တစ်နေရာရာမှာ တွေ့ဆုံဖို့ ဒီနေ့ အဆိုပြုခဲ့ကြပါတယ်။

ရှမ်းမြောက်ဒေသနဲ့ ရခိုင်ပြည်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးမှုတွေ ရှိနေတဲ့အပေါ် နှစ်ဘက်ခေါင်းဆောင်တွေကို သတင်းသမားတွေက မေးမြန်းရာမှာတော့ တိကျတဲ့အဖြေမရရှိဘဲ အပြန်အလှန် စွပ်စွဲပြစ်တင်မှုတွေသာ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
တိုက်ပွဲတွေ ရပ်တန့်ရေး ကြိုးပမ်းမယ်လို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းလေးဖွဲ့ ထုတ်ပြန် တိုက်ပွဲတွေ ရပ်တန့်ရေး ကြိုးပမ်းမယ်လို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းလေးဖွဲ့ ထုတ်ပြန် Reviewed by THITHTOOLWIN on 02:00 Rating: 5
Powered by Blogger.