အင်ဒိုနီးရှားနိုင်ငံတွင် လနှင့်ချီကာ တောမီးလောင်ကျွမ်း မှုကြောင့် နေရာအနှံ့အပြား မီးခိုးဖုံးလွှမ်းနေ

မလေးရှာနိုင်ငံ၌ မီးခိုးငွေ့များပျံ့နှံ့နေမှုများအား တွေ့ မြင်ရစဉ်(ဆင်ဟွာ)
ဂျကာတာ၊စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

 အင်ဒိုနီးရှားနိုင်ငံတွင် လနှင့်ချီကာ တောမီးလောင်ကျွမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော မလေးရှားနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့ တွင် မီးခိုးငွေ့များ ပျံ့နှံ့ရောက်ရှိနေပြီး လေထုထဲ ညစ်ညမ်းမှု များ ဖြစ်ပေါ်နေကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသော မီးခိုးငွေ့များသည် မလေးရှားနိုင်ငံ သို့ရောက်ရှိလာရာ Sarawak ပြည်နယ်ရှိ ကျောင်းပေါင်း ၄၀၀ ကျော်ခန့် ကျောင်းပိတ်ထားရကြောင်း၊ထို့အပြင် ၄င်းမီးခိုးငွေ့များကို ကာကွယ်ရန် မလေးရှားအစိုးရသည် စက်တင်ဘာ ၁၀ ရက်က Mask    (နှာခေါင်းစည်း) ၅.၀ သိန်းကို ထောက်ပံ့ခဲ့ကြောင်း မလေးရှား အရေးပေါ်အခြေအနေဌာန ၏ယင်းနေ့ဖော်ပြချက်အရ သိရသည်။

၎င်းမီခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်လျက်ရှိရာ မလေးရှားနိုင်ငံ Sarawak ပြည်နယ် ကူချင်းမြို့ ဒေသ ၉ ခု ရှိ မူလတန်းကျောင်းပေါင်း ၃၄၇ ကျောင်းနှင့် အလယ်တန်း၊အထက်တန်းကျောင်းပေါင်း ၆၂ ကျောင်း တို့ကို ၁၀ ရက်ကျောင်းပိတ်ခဲ့ရပြီး ကျောင်းသားပေါင်း ၁.၅ သိန်းအပေါ် သက်ရောက်မှု ရှိခဲ့ကြောင်း ပြည်နယ်ပညာရေးဌာန၏ ဖော်ပြချက်အရသိရသည်။

မီးခိုးငွေ့များပျံ့နှံ့ မှုကြောင်း အိမ်နီးချင်း စင်ကာပူနိုင်ငံတွင်လည်း လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ပြီး ယခု ၂၄ နာရီအတွင်း လေထုညစ်ညမ်းမှု ဆိုးဝါးနိုင်ကြောင်း၊၄င်းမီးခိုးငွေ့များကြောင့် အထူးသဖြင့် သက်ကြီးပိုင်းများနှင့် ကလေးသူငယ်များ ၊နှလုံးရောဂါဝေဒနာရှင်များနှင့် အဆုတ်ရောဂါ ဝေဒနာရှင်များ နာမကျန်း ဖြစ်ပေါ်လာပါက အချိန်မီ ဆေးရုံသို့ သွားရောက်ရန် စင်ကာပူ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဌာန၏ စက်တင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် တောမီးရှို့၍ တောင်ယာမြေဖေါ်ခြင်းသည် တောမီးလောင်ကျွမ်း မှု၏အဓိကကြောင်းအရင်းဖြစ်ကြောင်း၊မီးအရှိန် အလွန်ပြင်းထန်မှုကြောင့် ဆူမားထရာကျွန်း ရှိ ပြည်နယ် ၆ ခုနှင့် ဘော်နီယိုကျွန်း ရှိ ပြည်နယ် ၁ ခုတို့တွင် အရေးပေါ်အခြေအနေ ကျရောက်ခဲ့ရာ အင်ဒိုနီးရှားအစိုးရသည် ဇူလိုင်လ ကုန်ပိုင်းက စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ထောင်နှင့်ချီ စေလွှတ်ပြီး တောမီးများငြှိမ်းသတ်ခဲ့သော်လည်း ယခုလပိုင်းထိ မီးမှာဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ကြောင်းသိရသည်။

ယခုချိန်တွင် အင်ဒိုနီးရှားနိုင်ငံ အစိုးရ က အင်အားတိုးမြင့်ကာ မီးငြှိမ်းသတ်မှုများ လုပ်ဆောင်လျှက်ရှိပြီး ယခင် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သော တောမီးလောင်ကျွမ်းမှုမျိုးထပ်မံ မဖြစ်ပေါ် ရန်ကြိုးပမ်းဆောင်ရွက် နေကြောင်းသိရသည်။အင်ဒိုနီးရှားနိုင်၏ ၂၀၁၅ ခုနှစ် တောမီးလောင် ကျွမ်းမှုသည် တောမီးရှို့၍ တောင်ယာမြေဖေါ်ခြင်း ကြောင့်ဖြစ်ပြီး လပေါင်းများစွာ မီးဆက်တိုက်လောင် ကျွမ်းခဲ့ရာ ၄င်းမှာ အရှေ့တောင်အာရှနိုင်ငံများ၌ လွန်ခဲ့သော နှစ် ၂၀ ကာလတွင်း အဆိုးဝါးဆုံး တောမီးလောင် ကျွမ်းမှုဖြစ်ခဲ့ကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှားနိုင်ငံတွင် လနှင့်ချီကာ တောမီးလောင်ကျွမ်း မှုကြောင့် နေရာအနှံ့အပြား မီးခိုးဖုံးလွှမ်းနေ အင်ဒိုနီးရှားနိုင်ငံတွင် လနှင့်ချီကာ တောမီးလောင်ကျွမ်း မှုကြောင့် နေရာအနှံ့အပြား မီးခိုးဖုံးလွှမ်းနေ Reviewed by THITHTOOLWIN on 07:40 Rating: 5
Powered by Blogger.