မီတာခနှုန်းတွေ တက်ခဲ့တဲ့ ဇူလိုင်လမှာ ငွေကြေးဖောင်းပွမှု ၈ ရာခိုင်နှုန်းကျော်နဲ့ အမြင့်ဆုံးရောက်ခဲ့

ရန်ကုန်မြို့တွင်း ဈေးတစ်နေရာ
၂၀၁၉ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တွက်ချက်တဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ၈.၃၅ ရာခိုင်နှုန်းနဲ့အမြင့်ဆုံးရောက်ခဲ့တယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့က စက်တင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

လအလိုက်တွက်ချက်ထားတဲ့ စာရင်းတွေအရလစဉ်ငွေကြေးဖောင်းပွမှုနှုန်းဟာ ဝ.၂၇ ရာခိုင်နှုန်းစီ မြင့်တက်နေခဲ့ပါတယ်။

အစိုးရက လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းတွေကို ၂၀၁၉ ဇူလိုင်လက စလို့ ပြောင်းလဲတိုးမြှင့်ကောက်ခံမယ်လို့ လအစောပိုင်းမှာ ကြေညာခဲ့ပြီး အခြေခံစားသောက်ကုန်နဲ့ အသုံးအဆောင်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေက တရိပ်ရိပ်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဈေးမှာ အမြဲဈေးဝယ်နေတဲ့ အိမ်ရှင်မ တစ်ဦးက "အရင်က ၃၀၀ တန် ကန်စွန်းရွက်တစ်စည်းက အခု ၅၀၀၊ ဘူးသီးတစိတ်ဆို ၄၀၀ ဖြစ်နေပြီ၊ အသား၊ ငါး ဈေးဆို အနားတောင် မကပ်နိုင်တော့ဘူး" လို့ ဘီဘီစီကို ပြောပါတယ်။

 ငွေကြေး ဖောင်းပွမှုနှုန်းဟာ ၂၀၁၉ နှစ်စကစလို့ မြင့်လာနေခဲ့တာဖြစ်ပါတယ်
ဇူလိုင်လအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ ပြည်ပက တင်သွင်းတဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်ခဲ့ပြီး ဒေါ်လာဈေးကလည်း မတည်မငြိမ်ဖြစ်ခဲ့လို့ မြန်မာကျပ်ငွေတန်ဖိုး အနည်းငယ်ကျဆင်းခဲ့ရတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်တွင်းရွှေဈေးဟာ သြဂုတ်လအတွင်း စံချိန်တင်မြင့်တက်ခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သားကို ၁၃ သိန်းကျော်အထိ ဈေးပေါက်ခဲ့သလို ဒေါ်လာဈေးဟာလည်း ၁၅၃၀ ကျော်ခဲ့ပါတယ်။

တိုင်းဒေသကြီးအလိုက် တွက်ချက်ရာမှာတော့ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းက မကွေးတိုင်းက ၁၂.၄၃ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်ပြီးတော့ မန္တလေးက ၉.၉၆ ရာခိုင်နှုန်းနဲ့ မွန်ပြည်နယ်က ၉.၉၁ ရာခိုင်နှုန်းစီနဲ့ အမြင့်ဆုံး စာရင်းထဲပါနေပါတယ်။

ရန်ကုန်မှာတော့ ဇူလိုင်လအတွင်း ငွေကြေးဖောင်းပွမှုက ၈.၃၀ ရာခိုင်နှုန်း ရှိပါတယ်။

မန္တလေးက ဟင်းသီးဟင်းရွက်ဈေးတစ်ခု မြင်ကွင်း
ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ ဆန်၊ ဆီ စတဲ့ အခြေခံစားသောက်ကုန်တွေအပါအဝင် လူအသုံးအဆောင်ပစ္စည်းတွေနဲ့ သယ်ယူပို့ဆောင်ခစရိတ်တွေဟာ နိုင်ငံတဝန်းမှာ နှစ်စပိုင်းကတည်းက မြင့်တက်နေခဲ့တယ်ဆိုပြီး ဖော်ပြပါတယ်။

ဒါ့အပြင် မိုးသည်းထန်စွာရွာလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းဝင်ရောက်မှု နည်းပါးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးမှုတွေကြောင့် သီးနှံဈေးနှုန်းတွေ သိသိသာသာမြင့်လာခဲ့ရတာလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

BBC Burmese
https://www.bbc.com
မီတာခနှုန်းတွေ တက်ခဲ့တဲ့ ဇူလိုင်လမှာ ငွေကြေးဖောင်းပွမှု ၈ ရာခိုင်နှုန်းကျော်နဲ့ အမြင့်ဆုံးရောက်ခဲ့ မီတာခနှုန်းတွေ တက်ခဲ့တဲ့ ဇူလိုင်လမှာ ငွေကြေးဖောင်းပွမှု ၈ ရာခိုင်နှုန်းကျော်နဲ့ အမြင့်ဆုံးရောက်ခဲ့ Reviewed by THITHTOOLWIN on 02:19 Rating: 5
Powered by Blogger.