အငူမော်တိုက်ပွဲအတွင်း ဒေသခံတစ်ဦး သေဆုံး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က အငူမော်ဆိပ်ကမ်းကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ရွာအနီး ဇက်ဆိပ်တစ်ခုမှာ မနေ့က တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲကြောင့် အသက် ၅၀ ကျော်အရွယ် ဒေသခံတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

မနေ့က မနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အဲဒီဇက်ဆိပ်အနီး စိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ ဒေသခံအမျိုးသားကြီးတစ်ဦးကို သေနတ်ကျည်ထိမှန်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းကို ညနေ လေးနာရီကျော်မှ သယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆိပ်ကမ်းကို တပ်မတော် သင်္ဘောတစ်စီး ရောက်ရှိချိန်လောက်မှာ AA က ဗုံးဖောက်ကွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်ရင်း ဒေသခံတစ်ဦး သေဆုံးခဲ့တာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ၀င်းဇော်ဦးက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ရခိုင့်တပ်တော် AA ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မြောက်ဦးမြို့နယ်မှာတော့ တပ်မတော်စစ်ကြောင်းတစ်ခုက အိုးထိန်းရွာက ဆရာတော်တစ်ပါး၊ ရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘာကြောင့်ဖမ်းဆီးထားသလဲ ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

ထိန်းသိမ်းခံထားရသူတွေကို သွားရောက်တွေ့ဆုံဖို့ ကြိုးစားတဲ့ ဆရာတော်တွေကို တပ်မတော်အရာရှိတစ်ဦးက - မြို့နယ်နဲ့ ပြည်နယ်အဆင့် သံဃမဟာနာယကဆရာတော်တွေရဲ့ ထောက်ခံချက်ယူလာဖို့ ပြောတယ်လို့ ဆရာတော် အရှင်ဝဏ္ဏသာရ က မိန့်ပါတယ်။

ဗိုလ်မှူးကြီး ၀င်းဇော်ဦး ကတော့ - အိုးထိန်းရွာကိစ္စ သူ့အနေနဲ့ သေချာမသိသေးတဲ့အတွက် မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို အရင်က လင်းမြွေတောင်ဆုတောင်းပြည့်ဘုရားသိမ်မှာ ထားရှိတယ်လို့ သိထားပေမယ့် ဒီနေ့လယ်မှာတော့ ဘယ်ကိုခေါ်ဆောင်သွားလဲဆိုတာ မသိရဘူးလို့ မြို့ဦးခေါင်းဆရာတော် အရှင်ဝဏ္ဏသာရ က မိန့်ပါတယ်။

ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေအတွင်း သေဆုံးသူ အရပ်သား ၇၂ ယောက်၊ ဒဏ်ရာရသူ ၁၅၉ ယောက်နဲ့ AA နဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ အမှုဖွင့်ခံရသူ ဖမ်းဆီးခံထားရသူ ၁၉၀ ကျော် ရှိနေပြီလို့ ဒေသအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
အငူမော်တိုက်ပွဲအတွင်း ဒေသခံတစ်ဦး သေဆုံး အငူမော်တိုက်ပွဲအတွင်း ဒေသခံတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.