ကရင်အာဇာနည်နေ့ ဦးဆောင်ကျင်းပခဲ့တဲ့ ဒေါ်နော်အုန်းလှ ဖမ်းဆီးခံရ

၂ဝ၁၉ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန် မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပသည့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားတွင်တွေ့ရသည့် ဒေါ်နော်အုန်းလှ။
ကရင်အမျိုးသမီးအစည်းအရုံး KWU ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှကို ကျောက်တံတားရဲစခန်းက ငြိမ်းစုစီ ပုဒ်မ ၂ဝ နဲ့ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းက အလုံမြို့နယ်မှာ ဖမ်းဆီးလိုက်ပါတယ်။

ဒေါ်နော်အုန်းလှဟာ မသန်​စွမ်းသူ အမျိုးသမီးငယ်​တဦး ​အဓမ္မပြုကျင့်​ခံရမှုအတွက် ကူညီဆောင်ရွက်ပေးဖို့ အလုံမြို့နယ်ရဲစခန်းကို လိုက်ပါသွားစဉ်မှာ ကျောက်တံတားရဲစခန်းက လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

လောလောဆယ် စစ်ဆေးနေဆဲဖြစ်ပြီး မနက်ဖြန်ကျမှ တရားရုံးတင်ပြီး အာမခံပေးမယ်လို့ ယူဆရကြောင်း ဒေါ်နော်အုန်းလှနဲ့အတူ ကျောက်တံတားရဲစခန်းကို လိုက်ပါသွားတဲ့ ကိုမင်းလွင်ထူးက ပြောပြပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန် မြို့တော်ခမ်းမနဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနား ဦးဆောင် ကျင်းပခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်နော်အုန်းလှနဲ့ ကရင်လူငယ် စသိန်းဇော်မင်း၊ စောလဘွယ်ချို တို့သုံးဦးကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဝရမ်း ထုတ်ထားတာပါ။ ဒေါ်နော်အုန်းလှကတော့.. အခမ်းအနားကျင်းပဖို့ ဥပဒေနဲ့အညီ ခွင့်ပြုချက်တင်ပြခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို မူလက မကွေးပရိယတ္တိစာသင်တိုက်မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ကရင်အာဇာနည်နေ့ခေါင်းစဉ်နဲ့ မကျင်းပဖို့ တိုင်းအစိုးရက စာထုတ်ပြီး တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

ကျောက်တံတားရဲစခန်းက ဒေသန္တရအမိန့်နဲ့  ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် ရဲစခန်းကို လာရောက်ဖို့ တယ်လီဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပေမယ့် မသွားရောက်ခဲ့တဲ့အတွက် အခုလို လာရောက်ဖမ်းဆီးတာ ဖြစ်ပါတယ်။

ဒေါ်နော်အုန်းလှဟာ ကရင်ပြည်နယ် မြဝတီမြို့နယ်က ရွှေမြစန္နီအိမ်ယာမှာ နေထိုင်သူတွေ ဖယ်ရှားခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့မှု အပါအဝင် ငြိမ်းစုစီဥပဒေပုဒ်မ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မတွေနဲ့ အမှုပေါင်း ၂ဝ ကျော် ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ကရင်အာဇာနည်နေ့ ဦးဆောင်ကျင်းပခဲ့တဲ့ ဒေါ်နော်အုန်းလှ ဖမ်းဆီးခံရ ကရင်အာဇာနည်နေ့ ဦးဆောင်ကျင်းပခဲ့တဲ့ ဒေါ်နော်အုန်းလှ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.