စည်သာကျေးရွာတွင် ရွာအဝင်မုခ်ဦးကို ကားဝင်တိုက်၍ မုခ်ဦးပြိုကျပြီး ယာဉ်မောင်းသေဆုံးမှုဖြစ်ပွား


ရွှေဘို စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် စည်သာကျေးရွာတွင် စက်တင်ဘာ ၁၄ ရက် ည ၈ နာရီ ၄၅ မိနစ်က စည်သာကျေးရွာရှိ ရွာအဝင်မုဒ်ဦးအား မော်တော်ယာဉ်တစ်စီးမှ တိုက်မိ၍ မုခ်ဦးပြိုကျပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ထံမှ သိရသည်။


ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် မြို့နယ်မီးသတ် စခန်း၏မြောက်ဘက် ၆ မိုင်ခန့်ကွာဝေးသော စည်သာကျေးရွာရှိ ရွာအဝင်မုခ်ဦးအား စက်တင်ဘာ ၁၄ ရက် ည ၈ နာရီ ၄၅ မိနစ်က ယာဉ်မောင်း ဦးဖုန်းနိုင်ဦး (ခ) ဦးဖုန်း (သ) ၄၆ နှစ် အမှတ် (၁) ရပ်ကွက် ဘူတာ (ခ) ရပ် ကန်တော်လမ်း ရွှေဘိုမြို့နေသူ မောင်းနှင်သော SKAT အနီရောင် အုတ် သဲ ကျောက်တင်မော်တော်ယာဉ်သည် သဲချပြီးပြန်အထွက် ကားနောက်ပိုင်းနှင့် ရွာအဝင်မုဒ်ဦးအားတိုက်မိပြီး ( ၁၅ ) တန်ခန့်ရှိ မုခ်ဦးပြိုကျ၍ ကားခေါင်းခန်းအပေါ်သို့ပိမိသဖြင့် ယာဉ်မောင်း ဦးဖုန်းနိုင်ဦး (ခ) ဦးဖုန်း ( သ ) ၄၆ နှစ် မှာ ဦးခေါင်းပြားဒဏ်ရာ လက်နှင့်ခြေထောက်ကျိုး ဒဏ်ရာများရရှိသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားသည့် စည်သာကျေးရွာ သို့ ရွှေဘိုခရိုင်မီးသတ် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ခေါင်းဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ( ၁၀)ဦး ရဲတပ်ဖွဲ့ဝင် ( ၄) ဦး လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် ( ၃၀) ဦး မီးငြှိမ်းသတ်ယာဉ်တစ်စီးတို့ဖြင့် သွားရောက်၍ ကားခေါင်း ခန်းပေါ်တွင် ပိမိနေသော မုဒ်ဦးအား ကရိန်းဖြင့်ဖယ်ရှား၍ သေဆုံးသူ ယာဉ်မောင်းအား ကားခေါင်းခန်းအတွင်းမှ ဆွဲထုတ်ပြီး ရွှေဘိုပြည်သူ့ဆေးရုံ ကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်အားမဆင်မခြင်မောင်းနှင်မှုကြောင့် လူ့အသက် သေဆုံးစေသူ ဦးဖုန်းနိုင်ဦး (ခ) ဦးဖုန်းကို ရွှေဘိုမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့မရဲစခန်းမှ သိရသည်။

မိုးသောက် ( ရွှေဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စည်သာကျေးရွာတွင် ရွာအဝင်မုခ်ဦးကို ကားဝင်တိုက်၍ မုခ်ဦးပြိုကျပြီး ယာဉ်မောင်းသေဆုံးမှုဖြစ်ပွား စည်သာကျေးရွာတွင် ရွာအဝင်မုခ်ဦးကို ကားဝင်တိုက်၍ မုခ်ဦးပြိုကျပြီး ယာဉ်မောင်းသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:31 Rating: 5
Powered by Blogger.