မိုးသည်းစဉ် မြောင်းထဲပြုတ်ကျ မျောပါသွားခဲ့သည့် လူငယ် သေဆုံးလျက်ပြန်တွေ့

ဓာတ်ပုံ - ကိုလင်းလင်း
တောင်ကြီး၊ စက်တင်ဘာ ၅

တောင်ကြီးမှာ စက်တင်ဘာ ၄ ရက် ည ၈း၀၀နာရီခန့်က မိုးသည်ထန်စွာရွာသွန်းနေစဉ်အချိန်မှာ လမ်းလျှောက်ရင်း ရေမြောင်းထဲပြုတ်ကျ မျောပါသွားခဲ့တဲ့ အသက်၁၇နှစ်အရွယ် လူငယ်တစ်ဦးကို ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

တောင်ကြီးမြို့၊ တက်ခေတ်လမ်း၊လမ်းမတော်ရပ်ကွက်အနီး မှာ စက်တင်ဘာ ၄ ရက်နေ့ညပိုင်းက ခွန်အောင်သိန်းဆိုသူ အသက် ၁၇နှစ်အရွယ် လူငယ်ဟာ သူငယ်ချင်းနှစ်ဦးနဲ့အတူ ညဈေးတန်းသို့သွားဖို့ လမ်းလျှောက်လာစဉ် လမ်းရဲ့ ယာဘက်ရှိ အကျယ်၅ပေ ၊အနက် ၆ပေခန့်ရှိ ရေမြောင်းအတွင်း ပြုတ်ကျခဲ့ပြီး ပြန်မပေါ်လာတော့တဲ့အတွက် အတူပါလာသူ သူငယ်ချင်းနှစ်ဦးမှ မြို့မရဲစခန်းမှာ သွားရောက် သတင်းပေးပို့ခဲ့တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

ပုံအညွှန်း - အသက်သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တဲ့ တောင်ကြီးအဆင်းလမ်း ရေချောင်း
ရေမြောင်းအတွင်း ပြုတ်ကျမျောပါသွားခဲ့ ပြီး ပြန်မပေါ်လာတဲ့ ခွန်အောင်သိန်း ကို စက်တင်ဘာ ၅ ရက် နေ့လည်ပိုင်း အချိန် မှာ တောင်ကြီးမြို့အဆင်းလမ်း ရှိ စိုက်ပျိုးရေးကွေ့အနီး ရေချောင်းမှာ အသက်သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ရန် သွားရောက်ခဲ့တဲ့ ရှမ်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဒုပြည်နယ်မှူး ဦးအောင်ကျော်မျိုး ကပြောပါတယ်။

“စိုက်ပျိုးရေးကွေ့နားမှာတွေ့တယ် ၊ ကျွန်တော်တို့ သွားတော့ ဆုံးလျက်အနေအထားတွေ့ခဲ့တယ်” လို့ ဦးအောင်ကျော်မျိုး ကပြောပါတယ်။
မိုးရွာနေစဉ်အချိန် လမ်းလျှောက်ထွက်မယ်ဆိုပါက လမ်းဘေးကို တအားကပ်ပြီး မလျှောက်ဖို့ သတိထားဖို့လိုတယ်လို့လည်း ဦးအောင်ကျော်မျိုး ကအကြံပြုပြောဆိုပါတယ်။

အသက်သေဆုံးသွားခဲ့သူဟာ တောင်ကြီးမြို့က လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ လုပ်ကိုင်နေသူဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ ဓမ္မတာအတိုင်းသေဆုံးခဲ့ခြင်းဟုတ်မဟုတ်သိရှိနိုင်ရန် အတွက် သေဆုံးသူအလောင်းကို စ၀်စံထွန်းဆေးရုံ ၊ ရင်ခွဲရုံကိုပေးပို့ထားပြီးတော့ သက်ဆိုင်ရာ စခန်းမှာ သေမှု သေခင်း အဖြစ် အမှုဖွင့် စစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။

သတင်း-နန်းဧကရီ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မိုးသည်းစဉ် မြောင်းထဲပြုတ်ကျ မျောပါသွားခဲ့သည့် လူငယ် သေဆုံးလျက်ပြန်တွေ့ မိုးသည်းစဉ် မြောင်းထဲပြုတ်ကျ မျောပါသွားခဲ့သည့် လူငယ် သေဆုံးလျက်ပြန်တွေ့ Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.