ဗစ်တိုးရီးယားအမှု - ကိုအောင်ကြီးရှေ့နေ နောက်ယောင်ခံ လိုက်ခံရတယ်လို့ဆို

ကိုအောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်(အလယ်) ကို ဥပဒေအပြင်ကရော၊ ဥပဒေ ဘောင်ထဲကပါ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ဆို
နေပြည်တော် Wisdom Hill က အသက် သုံးနှစ် မပြည့်သေးတဲ့ မူကြိုကျောင်းသူ လိင်စော်ကားခံရတယ်ဆိုတဲ့အမှုက သံသယ တရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို ခြိမ်းခြောက်ခံရတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
ဘယ်လိုခြိမ်းခြောက်ခံရလဲ

သူ့ကို နောက်ယောင်ခံလိုက်တာ၊ ဆိုင်ကယ်နဲ့ နောက်ယောင်ခံလိုက်တာတွေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

အဲလို ကြုံတွေ့နေရတဲ့အတွက် "အခုဆိုရင် ဒီအမှု လိုက်ပြီးနောက်ပိုင်းမှာ ကျွန်မကားကို စီစီတီဗီ ကင်မရာ တပ်ရတဲ့ အဆင့်ထိကို ကျွန်မ လုပ်လာရ တယ်" လို့ သူက ပြောပါတယ်။

သူ့ကို အဲဒီလို ဥပဒေပြင်ပ ခြိမ်းခြောက်မှုတွေအပြင် ဥပဒေဘောင်ထဲကရော ခြိမ်းခြောက်ခံရတာတွေ၊ ဖိအားပေးခံရတာတွေ ရှိနေတယ်လို့ တရားရုံးမှာ ကိုယ်တိုင် စစ်ဆေးမှုတွေ လုပ်နေတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောပါတယ်။

သံသယတရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်နဲ့အတူ ဒေါ်စုဒါလီအောင်က လိုက်ပါ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

"ဗစ်တိုးရီးယား အမှုကို လိုက်တဲ့အခါမှာ စိန်ခေါ်မှုတွေကတော့ အများကြီးပဲ။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဒီအမှုကို စလိုက်မယ်လို့ ပြောတုန်းကတော့ ဘာမှ မရှိသေးဘူး။ ဒီအမှုကို စစစ်တဲ့အချိန်က စစ်ပြီးတော့ နောက်တစ်ချိန်းက စပြီး ကျွန်မကို ဒီအမှုကို မလိုက်ပေးဖို့ ကျွန်မကို ပြောဆိုတာတွေ ရှိတယ်" လို့ သူက ပြောပါတယ်။

ခြိမ်းခြောက်သူတွေက ကိုအောင်ကြီး ပြောဆိုချက်အတိုင်း မဟုတ်ဘဲ သူတို့ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ဖို့ သူ့ကို စည်းရုံးခဲ့ပေမဲ့ လက်မခံခဲ့ဘူးလို့ ဒေါ်စုဒါလီအောင်က ပြောပါတယ်။

ဗစ်တိုးရီးယားအမှုကို စောင့်ကြည့်နေတဲ့ ပြည်သူတွေအနေနဲ့ "အမှန်တရား ပေါ်ပေါက်အောင် တရားခံ အစစ်အမှန် ပေါ်ပေါက်အောင် ပြည်သူတွေ အနေနဲ့ ဒီလို ဆက်ပြီး ဝန်းရံပြီး အမှန်တရားဖော်ထုတ်ဖို့ ကူညီပေးပါလို့ မေတ္တာရပ်ခံချင်တယ်" လို့ ဒေါ်စုဒါလီအောင်က ပြောပါတယ်။

ကိုအောင်ကြီး အာမခံရမရကတော့ တရားလိုဘက်က ဥပဒေ အရာရှိက ကန့်ကွက်မှု ရှိမရှိ ပေါ်မူတည်
ကိုအောင်ကြီးအတွက်အာမခံတင်တဲ့ ခုနစ်ကြိမ်မြောက်ရုံးချိန်း

စက်တင်ဘာလ ၂၄ ရက်မှာတော့ ဒေါ်စုဒါလီအောင် သံသယတရားခံ ရှေ့နေအဖြစ် ပါဝင် ဆောင်ရွက်နေတဲ့ ဗစ်တိုးရီးယားအမှု ခုနစ်ကြိမ်မြောက် ရုံးချိန်းကို စစ်ဆေးခဲ့ပါတယ်။

ဒီရုံးချိန်းမှာ ကိုအောင်ကြီးကို အာမခံ ပေးဖို့လျှောက်ထားတာနဲ့ သူ့ကို ရှာဖွေစဉ်က ရှာဖွေပုံစံမှာ ပါဝင်ခဲ့တဲ့ သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။

ကိုအောင်ကြီး အာမခံရမရကတော့ တရားလိုဘက်က ဥပဒေ အရာရှိက ကန့်ကွက်မှု ရှိမရှိ ပေါ်မူတည်ပြီးနောက်တစ်ကြိမ် ရုံးချိန်းမှာ သိရမှာ ဖြစ်ပါတယ်။

အာမခံပေးဖို့ ရှေ့နေ ဦးခင်မောင်ဇော်ရဲ့ လျှောက်ထားချက်ကိုတော့ တရားရုံးက လက်ခံခဲ့ပါတယ်။

ရှာဖွေပုံစံမှာ သက်သေအဖြစ် ပါခဲ့တဲ့သူတွေကတော့ သပြေကုန်းရပ်ကွက်က ရာအိမ်မှူး နှစ်ဦး ဖြစ်ပြီး သူတို့နှစ်ဦးကို ဥပဒေအရာရှိနဲ့ သံသယတရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေတို့က သက်သေခံပစ္စည်းတွေ သိမ်းဆည်းစဉ်က ပစ္စည်းတွေအကြောင်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် ရုံးချိန်းကိုတော့ အောက်တိုဘာ ၉ ရက်မှာ စစ်ဆေးမှာပါ။

အဲဒီ ရုံးချိန်းမှာတော့ မူကြိုကျောင်းက စီစီတီဗီမှတ်တမ်းတွေ ထိန်းသိမ်းထားတဲ့သူ့နဲ့ ကျောင်းဘက်က သက်သေတွေကို စစ်ဆေးဖို့ ရှိတယ်လို့ နှစ်ဘက် ရှေ့နေတွေဆီက သိရပါတယ်။

BBC Burmese
https://www.bbc.com
ဗစ်တိုးရီးယားအမှု - ကိုအောင်ကြီးရှေ့နေ နောက်ယောင်ခံ လိုက်ခံရတယ်လို့ဆို ဗစ်တိုးရီးယားအမှု - ကိုအောင်ကြီးရှေ့နေ နောက်ယောင်ခံ လိုက်ခံရတယ်လို့ဆို Reviewed by THITHTOOLWIN on 01:00 Rating: 5
Powered by Blogger.