ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် ကြောင်းထုတ်ပြန်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ACC Myanmar)

    ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

    ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် က ယနေ့သတင်းထုတ်ပြန်သည်။

ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရာထူးအာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုများအပေါ် စိစစ်အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး သည် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ The Design and Construction of the Underground Works လုပ်ငန်းများအတွက် တင်ဒါ အောင်မြင်ခဲ့သည့် လုပ်ငန်း (၅)ပိုင်းအနက် အပိုင်း(၃)၊ Power House, Open Cut Work, Upper Part (EL 485-385m) Excavation လုပ်ငန်းပြီးစီးမှုအပေါ် ကုမ္ပဏီမှ လုပ်ငန်းပြီးစီးကြောင်း လက်မှတ် (Taking Over Certificate) ထုတ်ပေးရန် တောင်းခံခဲ့၍ ဌာနမှ TOC ထုတ်ပေးခဲ့သော်လည်း စာချုပ်ပါ စည်းကမ်းချက်များအရ နောက်ကျဒဏ်ကြေး (Delay Damages) တန်ဖိုး Euro(225,930.69) အား တောင်းခံရန် ပျက်ကွက်ခဲ့သဖြင့် နိုင်ငံတော်၏ ငွေကြေး ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်စေခဲ့ကြောင်းနှင့် အမှတ်(၂) တည်ဆောက်ရေး၊ ရွှေလီ(၃) ရေအားလျှပ်စစ် စီမံကိန်းတွင် တင်ဒါအောင်မြင်ခဲ့သည့် လုပ်ငန်း(၂)ခုကို ဆောင်ရွက်ရာ၌ ကုမ္ပဏီမှ အလုပ်သမားများအား သုံးစွဲမှုမရှိဘဲ ဌာန၏ လုပ်ငန်းခွင်ရှိ ပုတ်ပြတ် နေ့စား အလုပ်သမား ဝန်ထမ်းများအား သုံးစွဲခွင့်ပြုခအဖြစ် သီးခြား ငွေတောင်းခံသဖြင့် ကုမ္ပဏီမှ ငွေကျပ် (၇၁၅)သိန်း ငွေလွှဲပေးပို့သည်ကို လက်ခံရယူခဲ့ခြင်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမင်းခိုင် သည် ၎င်းစီမံခန့်ခွဲပိုင်ခွင့်ရှိသော ရေအားလျှပ်စစ် ဒီဇိုင်းများနှင့်စပ်လျဉ်း၍ မူလကမ်းလှမ်းသော ဈေးနှုန်းထက်ပိုမိုသည့် တန်ဖိုးဖြင့် စာချုပ် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်ခအဖြစ်လည်းကောင်း၊ လျှပ်စစ်စီမံကိန်းအတွက် FSR လုပ်ငန်းစဉ် မြန်ဆန်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အတွက်လည်းကောင်း၊ နိုင်ငံခြားခရီးစဉ်အတွက် ခရီးစရိတ်ငွေ အဖြစ်လည်းကောင်း ကုမ္ပဏီလီမိတက်များထံမှ စုစုပေါင်းငွေကျပ် သိန်း (၃၁၀)ကို တောင်းခံ ရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်း၊ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်း နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်း တို့တွင် ၂၆-၉-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် ကြောင်းထုတ်ပြန် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုး နှင့် ညွှန်ကြားရေးမှူး ဦးမင်းခိုင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် ကြောင်းထုတ်ပြန် Reviewed by THITHTOOLWIN on 00:08 Rating: 5
Powered by Blogger.