ဗစ်တိုးရီးယား အမှု - ကလေးကို တရားရုံးမှာ ဘယ်လို စစ်မလဲ

အသက် ၃ နှစ်အောက် မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရတယ်ဆိုတဲ့ အမှုမှာ တရားမျှတမှု ရှိဖို့ အများပြည်သူဆန္ဒပြ
နေပြည်တော် Wisdom Hillမူကြိုက အသက်သုံးနှစ် မပြည့်သေးတဲ့ မူကြိုကျောင်းသူလေး လိင်မတရားပြုကျင့်ခံရတယ်ဆိုတဲ့ အမှု ခြောက်ကြိမ်မြောက် ရုံးချိန်းမှာ ကလေးကို ဗီဒီယို ကွန်ဖရင့်နဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။

ကလေးရဲ့ အမေနဲ့ အဖေ၊ အဘွား တို့ကို ရှေ့ရုံးချိန်းတွေမှာ စစ်ဆေးခဲ့ပြီး ဖြစ်လို့ ကလေးကို စက်တင်ဘာလ ၁၁ ရက် ခြောက်ကြိမ်မြောက် ရုံးချိန်းမှာ စစ်မှာ ဖြစ်ပါတယ်။

ဘာတွေ ကြိုတင်ပြင်ဆင်ခဲ့လဲ

ဗစ်တိုးရီးယားအမှုက မိန်းကလေးငယ်ဟာ စက်တင်ဘာ ၉ ရက် မနက် ၉ နာရီလောက်မှာ မိဘတွေနဲ့အတူ ဒက္ခိဏ ခရိုင် တရားရုံးကို ပထမဆုံးအကြိမ်သွားရောက်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

တရားရုံးကို ရောက်တဲ့အခါမှာတော့ ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ စစ်တဲ့အခါ ကလေးငယ်ကို ထားမယ့် အခန်းထဲကို ကလေးငယ်နဲ့ သူ့အမေကိုခေါ်သွားခဲ့ပြီး အဖေကို အခန်းထဲဝင်ခွင့်မပေးပဲ အပြင်မှာသာ ထိုင်စောင့်နေခဲ့ ရတယ်လို့ ကလေးမိဘတွေက ပြောပါတယ်။

ကလေးငယ်ကို စစ်ဆေးမယ့်ပုံစံကိုလည်း စက်တင်ဘာလ ၉ ရက်မှာ နှစ်ဘက်ရှေ့နေတွေ၊ ဥပဒေအရာရှိနဲ့တရားသူကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။

 ဗစ်တိုးရီးယားအမှုမှာ ကလေးရဲ့ မိခင်က တရားလိုအဖြစ်တိုင်ကြားထား
တံခါးပိတ် စစ်မေးမယ်
ကလေးကို မေးမြန်းမယ့် စက်တင်ဘာ ၁၁ ရက်မှာ မေးမြန်းတဲ့အခါ တံခါးပိတ် စစ်ဆေး(in camera စစ်ဆေးခြင်းပြုလုပ်) မှာ ဖြစ်ပါတယ်။

ဒီလိုစစ်ဆေး မေးမြန်းတဲ့အခါမှာ ကလေးကို တရားခွင်အနီးမှာရှိတဲ့ တရားသူကြီးတွေ နားနေခန်းမှာ ကလေးမိဘနဲ့ ထားမှာပါ။

ဗီဒီယိုကနေ တဆင့်မေးမယ်

တရားသူကြီးတွေနဲ့ ရှေ့နေတွေက တရားခွင်ကနေ ကလေးရှိတဲ့ အခန်းကို ဗီဒီယို ကွန်ဖရင့်ဇင်းကနေ တစ်ဆင့် ဆက်သွယ်မှာ ဖြစ်ပါတယ်။

တရားခွင်မှာရှိတဲ့ ရှေ့နေတွေက မေးချင်တဲ့ မေးခွန်းတွေကို ကလေးနဲ့အတူ ရှိနေမယ့် ကလေးသူငယ်ဆိုင်ရာ သင်တန်းတက်ထားတဲ့ တရားလွှတ်တော်ချုပ်က ပို့ထားတဲ့ တရားသူကြီး တစ်ယောက်က တစ်ဆင့် မေးမှာဖြစ်ပါတယ်။ အဲဒီ တရားသူကြီးကလည်း အမျိုးသမီး ဖြစ်မယ်လို့ သိရပါတယ်။

 လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့တဲ့အမှုဖြစ်

ကလေးကို ဘယ်သူတွေ မြင်ရမလဲ

အဲဒီလို မေးမြန်းလို့ ကလေးကဖြေတာတွေကို တရားသူကြီးရယ် သက်ဆိုင်ရာ ရှေ့နေတွေကပဲ မြင်ရ၊ ကြားရမယ်လို့ သံသယ တရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ကလေးကို ဖိအားမရှိစေရ

အဲလို မေးမြန်းတဲ့အခါ ကလေးနဲ့ ကစားရင်း ကနေ တစ်ခွန်းချင်း မေးမယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ကလေးကို ပြန်လှန် စစ်မေးတာ မရှိဘူးလို့လည်း သူက ဆိုပါတယ်။

နည်းပညာ ဘယ်ကရလဲ

ဗီဒီယိုကွန်ဖရန်းဇင်းနဲ့စစ်ဆေးဖို့အတွက် ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ ယူနီဆက်က နည်းပညာပိုင်းဆိုင်ရာ အကူအညီပေး နေတာ ဖြစ်ပါတယ်။

ယူနီဆက်က၂၀၁၈ ခုနှစ်ကစပြီး ခရိုင်တရားရုံးတွေမှာ ကလေးသူငယ်သီးသန့်မေးမြန်းခန်း အနေနဲ့ ကူညီဆောင်ရွက်ပေးနေတာပါ။

"ကလေးက ပြန်ဖြေတဲ့ အဖြေကို အခန်း နှစ်ခန်းစလုံးကို live transmission အနေနဲ့ audio၊ video အနေနဲ့ ဟိုဘက် ဒီဘက် အသံလည်း ကြားရပါတယ်။ ရုပ်လည်း မြင်ရပါတယ်" လို့ ယူနီဆက်က ကလေးသူငယ် အကာအကွယ်ပေးခြင်းဆိုင်ရာ ပညာရှင် ဦးစိုးမိုးဦးက ပြောပါတယ်။

ဒီလို ဖြေကြားထားတာတွေကို သက်သေခံ အနေနဲ့ တရားရုံး အနေနဲ့ သုံးစွဲလို့ ရနိုင်တဲ့ အခြေအနေ ဖြစ်အောင် လုပ်ထားတာလို့ သူက ပြောပါတယ်။

တရားရုံးတွေမှာ စစ်မေးခံရတဲ့အခါ လူကြီးတွေမှာတောင် ဖိအားများလို့ ကလေးကို သက်သောင့် သက်သာ ဖြစ်အောင် စစ်မေးမယ့်ပုံစံလို့ ဦးစိုးမိုးဦးက ပြောပါတယ်။

 မေလ ၁၆ ရက် ကလေး လိင်မတရားကျင့်ခံခဲ့ရတယ်ဆိုတာ စစ်ဆေးတွေ့ခဲ့ရတယ်လို့ တိုင်ကြားထား
ကလေးကို သီးသန့်ခွဲစစ်တဲ့ ပုံစံ ဆိုတာ ဘယ်လိုလဲ

ကလေးတွေ အကြောင်းကြောင်းကြောင့် တရားရုံးမှာ လာဖြေဆို ပေးရတဲ့အခါ ကလေးတွေကို Child friendly interviewing room ကလေးကို သီးသန့်ထားတဲ့အခန်းမှာ မေးမြန်းတဲ့ ပုံစံကို ယူနီဆက်က ပညာရှင်က အခုလို ပြောပါတယ်။

ကလေးကို သူ့အိမ်ရဲ့ ဧည့်ခန်းလို မြင်နေကျ မြင်ကွင်းမျိုးမှာ ထားတယ်။

ထိုင်ခုံက အစ ကလေးထိုင်လို့ ရတဲ့ ခုံထားပေးထားတယ်။

နံရံမှာ ကလေးပုံပါတဲ့ ပန်းချီကားလိုမျိုး ချိတ်ပေးထားမယ်။

ကလေးရှိမယ့် အခန်းကို ရုံးခန်းပုံစံ မဖြစ်အောင် လုပ်ထားမယ်။

ကလေးကို မေးပေးတဲ့သူက ယူနီဖောင်း ဝတ်မထားဘူး။

ရှုပ်ထွေးတဲ့ မေးခွန်းတွေ၊ ထပ်ခါ ထပ်ခါ မေးခွန်းတွေ မမေးဘူး။

ကလေးနားမလည်နိုင်တဲ့ ဥပဒေ စကားလုံးတွေ မများအောင် လုပ်တယ်။

ဘာတွေ မေးမလဲ

ကလေးကို မေးမယ့် တရားရုံးချိန်းနေ့ဖြစ်တဲ့ စက်တင်ဘာလ ၁၁ ရက်မှာ ဗစ်တိုးရီးယားကို ဘာတွေကို ပြပြီးစစ်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ တိတိကျကျမသိရသေးဘူးလို့ နေပြည်တော်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဗစ်တိုးရီးယား အမှုဟာ မေလ ၁၆ ရက်မှာ နေပြည်တော် Wishdom Hill မူကြိုက အသက် သုံးနှစ်မပြည့်သေးတဲ့ မူကြိုကျောင်းသူ လိင်မတရား ပြုကျင့်ခံရတယ်ဆိုတဲ့ စစ်ဆေးတွေ့ရှိချက်ကြောင့် ကလေးမိဘတွေက အမှုဖွင့်တိုင်ကြားထားတဲ့ အမှု ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ဗစ်တိုးရီးယား အမှု - ကလေးကို တရားရုံးမှာ ဘယ်လို စစ်မလဲ ဗစ်တိုးရီးယား အမှု - ကလေးကို တရားရုံးမှာ ဘယ်လို စစ်မလဲ Reviewed by THITHTOOLWIN on 01:10 Rating: 5
Powered by Blogger.