ရွှေကြက်ယက်ဆိပ်ကမ်းတွင် ခိုးဆိုးလုယက်မှုများ ဖြစ်ပေါ်နေသဖြင့် ညစဉ်ကင်းစောင့်နေရ


မန္တလေး၊ စက်တင်ဘာ ၁၈

မန္တလေးမြို့ရှိ ရွှေကြက်ယက် ဆိပ်ကမ်းမှာ ညအိပ်ရပ်နားတဲ့ မော်တော်ယာဉ်တွေကို ခိုးဆိုးလုယက်မှုတွေ ပြု လုပ်နေတဲ့အတွက် ဆိပ်ကမ်းဆိုက် မော်တော်ယာဉ်တွေ အနေနဲ့ ညစဉ်ကင်းစောင့်ကာ အိပ်စက်နေရတယ်လို့ အဆိုပါ ဆိပ်ကမ်းမှာ ဆိုက်ကပ်ရပ်နားကြတဲ့ မော်တော်ယာဉ်ပိုင်ရှင်တွေက ဆိုပါတယ်။

မန္တလေးမြို့ကို ကုန်ပစ္စည်း လာရောက်တင်ပို့ရောင်းချတဲ့ မော်တော်များ၊ စက်လှေများ အနေဖြင့် ပါလာတဲ့ ကုန် ပစ္စည်းများကို ရောင်းချခြင်း၊ ပြန်လည်သယ်ယူမယ့် ကုန်ပစ္စည်းများတင်ခြင်း စတဲ့လုပ်ငန်းတွေအတွက် ဆိပ် ကမ်းမှာ ရက်ရှည်ရပ်နားထားရပြီး၊ မန္တလေးဆိပ်ကမ်းကို ဆိုက်ကပ်တဲ့နေကစလို့ ခိုးဆိုးလုယက်မှုတွေ အမြဲဖြစ် ပေါ်နေကာ စိုးရိမ်ရတဲ့အတွက် ညစဉ်မအိပ်ဘဲ ကင်းစောင့်နေရတယ်လို့ ရွှေကြက်ယက်ဆိပ်ကမ်းမှာ ဆိုက်ကပ် ကုန်ချနေတဲ့ ကျောက်မီးသွေးတင် မော်တော်ယာဉ်ပိုင်ရှင် ကိုအောင်ကျော်ကျော်က ပြောပါတယ်။


'' သူခိုးတွေက တော်တော် သောင်းကျန်းတယ်၊ ဖိနပ်ကအစ ခရမ်းချည်သီးတောင် ခိုးတယ်။ ဘယ်စက်လှေမှ ကင်းမစောင့်ဘဲ မအိပ်ရဲဘူး။ စက်လှေတွေအကုန်လုံး တစ်ညလုံး မီးထွန်းထားရတယ်။ ခုကညဆိုရင် သူခိုးကင်း စောင့်၊ နေ့ဘက်အလုပ်၊ မလုပ်နိုင်ဖြစ်နေတယ် တစ်ရက်၊ နှစ်ရက်ဆိုရင် ကိစ္စမရှိဘူး။ အခုက အလုပ်သ မားတွေ လည်း တော်တော်ညည်းတယ်'' လို့ ၎င်းက ဆိုပါတယ်။

ကမ်းကပ်မော်တော်ယာဉ်တွေကို လာရောက်ခိုးဆိုးလုယက်သူတွေမှာ တစ်ဦးချင်း မဟုတ်ဘဲ နှစ်ဦး၊ သုံးဦး အဖွဲ့များဖြင့် လာရောက်ခြင်းဖြစ်ပြီး၊ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း သက်ဆိုင်ရာ ရေနယ်မြေ ရဲစခန်းကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

'' တစ်နေ့ညက သင်္ချိုင်းဆိပ်ကမ်းမှာ ကပ်ထားတဲ့မော်တော်ကို လူနှစ်ယောက်တက်ပြီး ဓားထောက်ပိုက်ဆံယူ သွားတယ်။ သိန်းတစ်ရာကျော် ပါသွားတယ်လို့ သိရတယ်။ ဓားပြတိုက်မှန်းသိလို့ အော်တော့ မော်တော်ကို တောင် ကုန်းသီးနဲ့လား၊ ဘာလားတော့ မသိဘူး ပြန်ပစ်သွားသေးတယ်။ တစ်ခြားမော်တော်တွေ ပြောတာတော့ လှေနဲ့လာတာ၊ လှေပေါ်မှာလည်း လူတွေပါသေးတယ်။ နှစ်ယောက်က မော်တော်ပေါ်တက်ပြီး ဓားထောက်လု တယ်လို့ သိရတယ်'' လို့ ကိုအောင်ကျော်ကျော်က ဆက်လက်ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ မနက်အစောပိုင်းက အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအနီး သ င်္ချိုင်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောပေါ်က သင်္ဘောပိုင်ရှင်ကို အမည်မသိ လူနှစ်ဦးမှ ဓားထောက်ခြိမ်း ခြောက်ကာ ငွေကျပ် သိန်း ၁၂၀ ၊ လက်ကိုင်ဖုန်း နှစ်လုံးနဲ့ အဝတ်အစား ၁၀ စုံခန့် လုယူခဲ့တယ်လို့လည်း သိရပါတယ်။

'' ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အထက်မှာရှိတဲ့ လူကြီးကို အကျိုးအကြောင်း တင်ပြပြီးမှ ကျွန်တော် ပြန် ဖြေပေးပါ့မယ်'' လို့ ရေကြောင်းရဲတပ်ဖွဲ့မှူးရုံး (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါဓားထောက် လုယက်ခဲ့သူများအနက် ပြစ်မှုကျူးလွန်သူ တစ်ဦးကို စက်တင်ဘာလ ၁၃ ရက်နေ့၊ နေ့လည်ပိုင်းက ဖမ်းဆီးနိုင်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

မင်းခေါင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ရွှေကြက်ယက်ဆိပ်ကမ်းတွင် ခိုးဆိုးလုယက်မှုများ ဖြစ်ပေါ်နေသဖြင့် ညစဉ်ကင်းစောင့်နေရ ရွှေကြက်ယက်ဆိပ်ကမ်းတွင် ခိုးဆိုးလုယက်မှုများ ဖြစ်ပေါ်နေသဖြင့် ညစဉ်ကင်းစောင့်နေရ Reviewed by THITHTOOLWIN on 06:56 Rating: 5
Powered by Blogger.