လူထုအပန်းဖြေနေရာများတွင် ပြစ်မှုကျူးလွန်သူလေးဦးထဲမှ နှစ်ဦးဖမ်းဆီးရမိ


မကွေး စက်တင်ဘာ ၁၇

မကွေးမြို့ရှိ လူထုအပန်းဖြေနေရာ(၃)ခုတွင် စက်တင်ဘာ ၁၆ရက်နေ့တစ်ရက် တည်း၌ အုပ်စုဖွဲ့၍ ဓားကိုင် အနိုင်ကျင့်၊လုယက်၊တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူလေးဦးထဲမှနှစ်ဦးကို မကွေးရဲတပ်ဖွဲ့က ဖမ်းဆီးထားမိပြီဖြစ် ကြောင်း မကွေးမြို့မရဲစခန်း မှ သိရသည်။
လူထုအပန်းဖြေနေရာများဖြစ်သည့် ဗိုလ်ချုပ်ပန်းခြံ ၊ ကန်သာကန် ၊ ကျောက်သားဥယျာဉ်နေရာများတွင် အဆိုပါဖြစ်ရပ်များဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများမှာ တစ်စုတစ်ဖွဲ့ထဲ အတူတူဖြစ်ကြောင်း ၊ ဖမ်းဆီးရမိသူများမှာ အရက် သေစာများသောက်စားထားပြီး အပျော်အပါး လိုက်စားရန်ငွေကြေး ပြတ်သည့်အတွက် လုပ်ကြသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မကွေးမြို့မ ရဲစခန်းမှူး ဒုရဲမှူးမိုးဇော်နိုင် ထံမှ သိရသည်။

“ ၁၆ရက်နေ့ ညနေ ၃နာရီခွဲလောက်က ဗိုလ်ချုပ်ပန်းခြံထဲမှာ လူနှစ်ယောက် ထိုင်နေတယ်။ အမည်မသိ အမျိုးသားလေးဦးရောက်လာပြီး သူတို့နဲ့အရက် သောက်ဖို့ခေါ်တယ်။ဓားနဲ့ထိုးမယ်၊လက်သီးနဲ့ထိုးမယ်ပြောပြီး လက်သီးနဲ့ထိုးပြီး သူတို့ဘေးမှာ ထိုင်ခိုင်းတယ်။ တစ်ယောက်ရဲ့ မျက်နှာကို ဆေးလိပ်မီးနဲ့ ထိုးတယ်။Love Garden ကေတီဗီကို ခေါ်သွားတယ်။ နှစ်ဆက်ရှင် ထိုင်ကြတယ်။ ပိုက်ဆံရှင်းခါနီးတော့ သူတို့နှစ်ယောက်ကို ထားခဲ့တယ်။ ကန်သာကန်ဘောင်ကိုရောက်လာတယ်။ ယောက်ျားလေးနှစ်ယောက်နဲ့မိန်းကလေးနှစ်ယောက်ထိုင်နေတာကို ပြဿနာသွားရှာတယ်။ မိန်းကလေးတွေကထွက်ပြေးတယ်။ ယောက်ျားလေး တွေက ပေါင်တွေမှာ ဓားနဲ့ထိုးခံရတယ်။ အဲဒီကနေ ကျူးလွန်သူလေးယောက်က ကမ်းနားလမ်းကျောက်သား ဥယျာဉ်ဘက်ကို ရောက်လာပြီး ထိုင်နေတဲ့သူ တစ်ယောက်ကို ဓားနဲ့ထိုးပြီး ဖုန်းကို ယူသွားတယ် ” ဟု ပြစ်မှုကျူးလွန်သူ လေးဦး ၏ လုပ်ရပ်နှင့်ဖြစ်စဉ်ကို မြို့မရဲစခန်းမှူးက ရှင်းပြသည်။

အဆိုပါလေးဦးထဲမှ နှစ်ဦးကို ပြစ်မှုဖြစ်ပွားသည့်နေ့ ည ၁၁နာရီ၁ဝမိနစ် အချိန်ခန့်တွင် အောင်စေတနာရပ်ကွက် အမက(၁၅)ကျောင်းဝင်းအတွင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ၊ ဖမ်းဆီးရမိသူနှစ်ဦးမှာ အောင်သူ(၂၂)နှစ် အောင်ဇေယျာ ရပ်ကွက် နေသူ နှင့် လှိုင်ဖုန်းမြင့်ဦး(၂၀)နှစ်၊ အောင်စေတနာ ရပ်ကွက်နေသူ တို့ဖြစ်ပြီး အားလေး နှင့် အောင်လေးဆိုသူနှစ်ဦးကို ဖမ်းဆီး ရမိရေး လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သော ဆိုင်ကယ်နှစ်စီးကို ရဲတပ်ဖွဲ့မှ သိမ်းဆည်း ထားပြီး ပြစ်မှုကျူးလွန်သူများကို တရားဥပဒေအတိုင်း အပြစ်ပေးအရေးယူ နိုင်ရေး ဆက်လက်လုပ်လုပ်ဆောင်လျက်ရှိကြောင်း ၊ လှည့်ကင်း ၅ဖွဲ့ဖြင့် အများပြည်သူ လုံခြုံရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဇေယျတု(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လူထုအပန်းဖြေနေရာများတွင် ပြစ်မှုကျူးလွန်သူလေးဦးထဲမှ နှစ်ဦးဖမ်းဆီးရမိ လူထုအပန်းဖြေနေရာများတွင် ပြစ်မှုကျူးလွန်သူလေးဦးထဲမှ နှစ်ဦးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 00:04 Rating: 5
Powered by Blogger.