အရပ်ဘက်ကားတွေကို မီးရှို့မှု ညီနောင်သုံးဖွဲ့ ငြင်းဆန်၊ လုပ်ပြီးဝန်မခံဘူးလို့ တပ်ဝေဖန်

မူဆယ်ကို ကုန်စည် ပို့ဆောင်တဲ့ ကုန်တင်ကားနဲ့ အိမ်စီးကားတွေ မီးရှို့ဖျက်ဆီးခံရ
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နဲ့ မူဆယ်အကြား ပြည်ထောင်စုလမ်းမကြီးအပိုင်း ဟိုတောင်နဲ့ နမ့်ကွတ်ရွာအကြားမှာ အရပ်ဘက်က ကားတွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့အဖွဲ့က လုပ်ခဲ့တာ မဟုတ်ဘူးလို့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။

အဲဒီလိုပြောတဲ့အပေါ်မှာပဲ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ ညီနောင်သုံးဖွဲ့က သူတို့ လုပ်ခဲ့တဲ့အပေါ် ဘယ်တော့မှ ဝန်ခံလေ့ မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။

ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်နဲ့၊ မူဆယ်အကြား တပ်မတော်နဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေ နှစ်ဘက် တိုက်ပွဲတွေအကြားမှာ မူဆယ်ကို ကုန်စည် ပို့ဆောင်တဲ့ အရပ်ဘက်က ကုန်တင်ကားတွေ၊ အိမ်စီးကားတွေ စုစုပေါင်း ၇ စီးလောက်ကို စက်တင်ဘာလ ၃ ရက် ညပိုင်းမှာ မီးရှို့ ဖျက်ဆီးသွားတယ်လို့ ကားပိုင်ရှင်တွေ၊ မျက်မြင်ကြုံတွေ့ခဲ့ရသူတွေကလည်း ဘီဘီစီကို ပြောကြပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ စက်တင်ဘာ ၃ရက် ညနေပိုင်းကစပြီးကုန်တင်ကား ၁၂ ဘီးယာဉ် ၃ စီး၊ ၁၀ ဘီးယာဉ် ၄ စီး၊ အိမ်စီးကား ၃ စီး စုစု ပေါင်း ၁၀ စီးကို မနေ့က ညပိုင်း ၇ နာရီကနေ ၈ နာရီအတွင်းမှာ မြောက်ပိုင်း ညီနောင်အဖွဲ့ တွေက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မြောက်ပိုင်းညီနောင်အဖွဲ့ကတော့ စက်တင်ဘာ ၃ ရက်နေ့ ည ၇ နာရီခွဲလောက် ကွတ်ခိုင်မြို့နယ်၊ ဟိုတောင်ရွာနဲ့ နမ့်ကွတ်ရွာအကြား သူတို့အဖွဲ့တွေ ဖြတ်သန်းစဉ် တပ်စစ်ကြောင်းနဲ့ တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားရာက လက်နက်ကြီးကျည် ထိကာ ကုန်ကား ၃ စီး မီးလောင်ခဲ့တယ်လို့ မိုင်အိုက်ကျော်က ပြောပါတယ်။

အဲဒီလိုဖြစ်ပြီးနောက်မှာ မြောက်ပိုင်းအဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ပြီး ကျန်တဲ့ကားတွေကို မီးရှို့တာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ်အကြား ပြည်ထောင်စုလမ်းမကြီး အပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေသေး
ပြည်ထောင်စုလမ်းမကြီး တလျှောက် လုံခြုံရေးအတွက် မြောက်ပိုင်းညီနောင်အဖွဲ့တွေကို တပ်မတော်က လိုက်လံ ရှင်းလင်း ဆောင်ရွက်နေ ပေမယ့်လည်း လမ်းမကြီးတလျှောက် လုံခြုံရေး ချထားပေးဖို့တော့ မဖြစ်နိုင်ဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိမှာတော့ ကွတ်ခိုင်နဲ့ မူဆယ်အကြား ပြည်ထောင်စုလမ်းမကြီး အပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေသေးတာကြောင့် အဲဒီလမ်းပိုင်းက အရပ်သားတွေရဲ့ လုံခြုံရေးအတွက် တပ်မတော်က ရာနှုန်းပြည့်တော့ အာမခံနိုင်မှု မရှိသေးဘူးလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

လာမယ့်ဆွေးနွေးပွဲမှာ တပ်ကိုယ်စားလှယ်ပါလာနိုင်မလား

ပြည်ထောင်စုလမ်းမကြီးတလျှောက် မြောက်ပိုင်းညီနောင်အဖွဲ့နဲ့ တပ်တို့အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ကျိုင်းတုံမှာ သြဂုတ်လ ၃၁ ရက်နေ့က လုပ်တဲ့ ဆွေးနွေးပွဲမှာ တပ်ကိုယ်စားလှယ် မပါလို့ တိုက်ပွဲရပ်ဖို့ တပ်နေရာချထားရေး စတာတွေကို လုံးဝ မဆွေးနွေးနိုင်ခဲ့ပါဘူး။

ဆွေးနွေးပွဲအပြီးမှာလည်း မြောက်ပိုင်းအဖွဲ့ဝင် အေအေရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တပ်ဘက်က ကိုယ်စားလှယ်တွေ မပါလို့ တပ်နေရာ ချထားရေးကိစ္စတွေကော၊ တိုက်ပွဲကိစ္စတွေကိုပါ မဆွေးနွေးနိုင်ခဲ့ဘူးလို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

အဲဒီအတွက် နောက်ထပ် ဆွေးနွေးပွဲတွေမှာ တပ်ဖက်က ကိုယ်စားလှယ်တွေပါ လာဖို့ မြောက်ပိုင်းအဖွဲ့ဝင်တွေဖက်က အစိုးရကို တောင်းဆိုခဲ့ပါတယ်။

နောက်ထပ် ဆွေးနွေးပွဲကိုလည်း စက်တာဘာ ၁၆ နဲ့ ၁၇ ရက်မှာ ပြန်လုပ်ဖို့ သဘောတူထားပါတယ်။

အဲဒီ ပြန်လုပ်မယ့် စက်တင်ဘာ ၁၆ ၊ ၁၇ ရက် ဆွေးနွေးပွဲမှာ တပ်ဘက်က ကိုယ်စားလှယ် ပါမယ်၊ မပါဘူး ဆိုတာကိုတောင် မသိရသေးပါဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၄ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

ကွတ်ခိုင်မြို့နားမှာ ဖျက်ဆီးခံရတဲ့ ကားတစ်စီး
လာမယ့်ဆွေးနွေးပွဲမှာ အပစ်ရပ်ဖို့ လက်မှတ်ထိုးနိုင်မလား

ကျိုင်းတုံ ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းရာမှာတော့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လာမယ့် ဆွေးနွေးပွဲကျရင် ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို မူအားဖြင့် သဘောတူညီမှု ရနိုင်ပြီး လက်မှတ်ထိုးနိုင်မယ့် အခြေအနေထိ ဆွေးနွေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။

မြောက်ပိုင်းညီနောင်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျော်ကတော့ "ဘောင်တွေ၊ သတ်မှတ်ထားတာ၊ သူတို့တားထားတဲ့ စည်းအတိုင်းပဲ သွားရမယ်။ သူတို့ပြောတဲ့ လမ်းစဉ်အတိုင်းပဲ သွားရမယ်။ အဲလို တင်းမာနေမယ် ဆိုရင်တော့ အလုပ်မဖြစ်နိုင်ဘူး။ ဆိုလိုချင်တာကတော့ ဘောင် အတွင်းပဲ နေရမယ်။ ပြောတဲ့အတိုင်းပဲ လိုက်နာရမယ် ဆိုတာ အဲလိုမျိုး ဆက်ရှိနေရင်တော့ ပြေလည်မှုကတော့ ခက်ခဲနေဦးမယ်" လို့ ပြောပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်ဘက်က ပေးထားတဲ့ မူကြမ်းထဲမှာ ပါတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မပြောနိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဆွေးနွေးပွဲတွေမှာလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ဦးဆောင် ဆွေးနွေးနေပြီး တပ်မတော် ကိုယ်စားလှယ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးလည်း ပါဝင် ဆွေးနွေးတာ ရှိတယ်လို့ သူက ဆိုပါတယ်။

တပ်မတော် ကိုယ်စားလှယ်တွေကတော့ အပစ်ရပ်လက်မှတ် ထိုးပြီးနောက် တပ်နေရာချထားရေး အပိုင်းမှာမှ ဝင်ရောက် ဆွေးနွေးမှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ကျိုင်းတုံဆွေးနွေးပွဲမှာ အပစ်ရပ်ဖို့ တိကျတဲ့ သဘောတူညီချက် တစ်ခုမှ မရခဲ့သလို လာမယ့် ဆွေးနွေးပွဲတွေမှာလည်း တပ်ဖက်က ကိုယ်စားလှယ်တွေ ပါဝင်ပြီး ဆွေးနွေးဖို့က မသေချာသေးတဲ့အတွက် ဆွေးနွေးပွဲတွေက တဆင့် တိုက်ပွဲတွေ ရပ်တန့်ပြီး အရပ်သားတွေ ထိခိုက်နစ်နာမှုတွေ၊ အသက် ဆုံးရှုံးမှုတွေကို ကာကွယ်ပေးနိုင်ဖို့ကတော့ ခက်ခဲနေဦးမယ်လို့ သုံးသပ်နေကြပါတယ်။

ထိုးစစ်မဖော်ဆောင်တော့ဘူးလို့ ညီနောင်သုံးဖွဲ့ ထုတ်ပြန်

တိုက်ပွဲတွေ လျှော့ချနိုင်ရေး ကျိုင်းတုံဆွေးနွေးပွဲ လုပ်ခဲ့ပေမယ့် ဆွေးနွေးပွဲ နောက်ပိုင်း တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ အခြေအနေမှာပဲ ညီနောင်သုံးဖွဲ့က ထိုးစစ်ဆင်တာတွေ မလုပ်တော့ဘဲ ခုခံကာကွယ်စစ်နဲ့ပဲ တိုက်ခိုက်တော့မယ်လို့ စက်တင်ဘာ ၂ ရက် ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

ဒါ့အပြင် အစိုးရနဲ့ နှစ်ဘက်သဘောတူ အပစ်ရပ်စာချုပ်ကနေတဆင့် ပြည်တွင်းစစ်မီး အဆုံးသတ်တဲ့အထိ လုပ်ဆောင်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါပါတယ်။

ဒီထုတ်ပြန်ချက်ဟာ သြဂုတ် ၃၁ ရက် ကျိုင်းတုံဆွေးနွေးပွဲကို အခြေခံပြီး ထုတ်ပြန်ခဲ့တာလို့ TNLA က ပြောခွင့်ရ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
အရပ်ဘက်ကားတွေကို မီးရှို့မှု ညီနောင်သုံးဖွဲ့ ငြင်းဆန်၊ လုပ်ပြီးဝန်မခံဘူးလို့ တပ်ဝေဖန် အရပ်ဘက်ကားတွေကို မီးရှို့မှု ညီနောင်သုံးဖွဲ့ ငြင်းဆန်၊ လုပ်ပြီးဝန်မခံဘူးလို့ တပ်ဝေဖန် Reviewed by THITHTOOLWIN on 08:28 Rating: 5
Powered by Blogger.