ကျောက်မဲမြို့မှာ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲပြီးတစ်ဦးဒဏ်ရာရ

ဓာတ်ပုံ-Tin Maung Thein
တောင်ကြီး၊ စက်တင်ဘာ၉

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့မှာ စက်တင်ဘာလ ၈ ရက် နေ့လည်ပိုင်းက လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲကာ ကျွဲကျောင်းသွားတဲ့အမျိုးသားတစ်ဦး မိုင်းထိဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

စက်တင်ဘာလ၈ရက်၊ နေ့လည် ၂နာရီခန့်က မိုင်းငေါ့မြို့ တာလုံရပ်နေ အသက် ၄၂နှစ်အရွယ် ဦးကျော်ခိုင်ဟာ တာလုံကနေ သုံးမိုင်အကွာ ဖြစ်တဲ့ ဆမ်စေ့ရွာထိပ်ကို ကျွဲကျောင်းသွားစဉ်မှာ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲပြီး ထိမှန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

"တာလုံကနေ ၃မိုင်လောက်ဝေးတဲ့ ရွာကိုကျွဲမောင်းသွားတာ။ လမ်းမှာဒေသလုပ် လက်လုပ်မိုင်းကြိုးကို ထိမိတာပါ။ အခုတော့ ကျာက်မဲဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ ပြင်ဦးလွင်၊ နောင်ချိုဖြစ်စဉ်ပြီးတဲ့နောက် ကျောက်မဲမှာ ဒါက၆ကြိမ်မြောက်ပါ။ တချို့က ဆေးရုံရောက်လာကြသလို တချို့ကသူတို့ရွာမှာပဲ ကုသကြတာများပါတယ်"လို့ ကျောက်မဲမြို့၊ ဇီဝိတလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင်မောင်သိန်းက ရွှေတြိဂံဒေသသတင်းဌာနကိုပြောပါတယ်။

ယင်းကဲ့သို့ မိုင်းပေါက်ကွဲမှုကြောင့် ဦးကျော်ခိုင်မှာ ညာဖက်ညိုသကျည်းတွင်ဒဏ်ရာတစ်ချက်၊ ညာလက်ညိုးလက်သဲခွံပြုတ်ထွက်ဒဏ်ရာ၊ ညာခြေသလုံး ဖောက်ထွက်ဒဏ်ရာတို့ရရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းထိခံရသူကိုမိုင်းငေါ့ဆေးရုံမှ တဆင့် ကျောက်မဲ ဆေးရုံသို့ စက်တင်ဘာလ၈ရက်၊ ညနေ၅နာရီအချိန်ခန့်က ရောက်ရှိလာပြီး ကျောက်မဲဆေးရုံမှာ ဆေးကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ မိုးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ဦးကျော်ခိုင် ကျွဲမောင်းသွားခဲ့တဲ့လမ်းမမှာ လူတွေ အမြဲသွားလာ အသုံးပြုနေတဲ့ လမ်းတစ်လမ်းဖြစ်ပြီး ယင်းဖြစ်စဉ်ကဲ့သို့ ထပ်မံပေါ်ပေါက်လာမည်ကို ဒေသခံတွေက စိုးရိမ်လျက်ရှိတယ်လို့ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
https://www.facebook.com/GoldenTriangleRegionalNews/
ကျောက်မဲမြို့မှာ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲပြီးတစ်ဦးဒဏ်ရာရ ကျောက်မဲမြို့မှာ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲပြီးတစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.