ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ထောင်ချတဲ့အပေါ် PEN America နဲ့ အမေရိကန်သံရုံး ဝေဖန်


 လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်တဲ့အပေါ်၊ လွတ်လပ်စွာဖော်ပြခွင့်နဲ့ လွတ်လပ်စွာ အနုပညာဖန်တီးခွင့်တွေကို ဖိနှိပ်လိုက်တာဖြစ်ကြောင်း နယူးယောက်အခြေစိုက် PEN America အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံအနေနဲ့ သဘောမတူတာတွေကို ဆက်လက်မျိုသိပ်ထားဖို့၊ စိတ်ကူးစိတ်သန်းတွေ လွတ်လွတ်လပ်လပ် ကွန့်မြူးခွင့်ကို ကန့်သတ်ထိန်းချုပ်ထားဖို့ဆိုတဲ့ လမ်းဟောင်းအတိုင်း ဆက်လက်လျှောက်လှမ်းရဦးမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲလို့ PEN America အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Julie trabault က ပြောလိုက်ပါတယ်။

အလားတူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့အမှုအပေါ် တရားရုံးရဲ့ ဩဂုတ် ၂၉ ရက် စီရင်ချက်နဲ့ ပတ်သက်ပြီး၊ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဒီမိုကရေစီအကူးအပြောင်းကို အားပေးထောက်ခံနေသူ အားလုံးအတွက် များစွာစိတ်သောကဖြစ်ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးဆိုင်ရာ မှတ်ချက်ပြုတာ၊ သရော်ပြောဆိုတာလောက်နဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဖမ်းဆီးထောင်ချခံရတာမျိုး မဖြစ်သင့်ကြောင်း၊ ဒီမိုကရေစီကို အားပေးထောက်ခံရာမှာ အမေရိကန်ပြည်သူတွေဟာ၊ မြန်မာပြည်သူတွေနဲ့ ကာလရှည်ကြာ ရပ်တည်လာခဲ့ကြောင်း၊ အရပ်သားအုပ်ချုပ်ရေးနဲ့အတူ၊ မြန်မာနိုင်ငံအတွင်း လွတ်လပ်မှု၊ ပြုပြင်ပြောင်းလဲမှုနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေအတွက် ဦးဆောင်လှုပ်ရှားနေသူတွေကို ဆက်လက်အားပေး ထောက်ခံနေကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ထောင်ချတဲ့အပေါ် PEN America နဲ့ အမေရိကန်သံရုံး ဝေဖန် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ထောင်ချတဲ့အပေါ် PEN America နဲ့ အမေရိကန်သံရုံး ဝေဖန် Reviewed by THITHTOOLWIN on 09:01 Rating: 5
Powered by Blogger.