NRPC ကတစ်ဆင့်ပေးတဲ့ အပစ်ရပ်မူကြမ်းကို လက်မခံနိုင်ဘူးလို့ ဆွေးနွေးပွဲမတိုင်ခင် (၂)ရက်အလိုမှာ ညီနောင်မဟာမိတ် (၃)ဖွဲ့ထုတ်ပြန်


တာချီလိတ်၊ သြဂုတ် ၂၉

ပမာဏအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့အတွက် ငြိမ်းချမ်းရေးကော်မရှင်ကနေတစ်ဆင့် တပ်မတော်က ပေးတဲ့ အပစ်ရပ်စာချုပ်မူကြမ်းကို လက်မခံနိုင်ဘူးလို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ TNLA၊ AA နဲ့ MNDAA တို့က သြဂုတ်လ ၂၉ရက်က ထုတ်ပြန်လိုက်ပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့၊ KIO တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ သြဂုတ်လ (၃၁)ရက်မှာ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ အတည်ပြုပြီးနောက်မှာ အဲဒီထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကြေညာချက်ထဲမှာ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ နိုင်ငံရေးနဲ့ စစ်ရေး ပြသနာတွေကို ငြိမ်းချမ်းတဲ့ နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးလိုပြီး ဇွန်လ ၃၀ရက်၊ မိုင်းလားမှာ NRPC ကတစ်ဆင့် တပ်မတော်က ပေးလာတဲ့ ပမာဏအပစ်ရပ်စာချုပ်ပါ အချက်အလက်နဲ့ အကြောင်းပြချက်တွေဟာ တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ဖြစ်ပေါ်လာဖို့ အတားအဆီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဇွန်လ ၃၀ရက်၊ မိုင်းလားမှာ NRPC ကပေးတဲ့ အပစ်ရပ်စာချုပ် မူကြမ်းထဲမှာ အပစ်ရပ်စာချုပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် (၄)ဖွဲ့အနေနဲ့ တပ်တွေကို ရောက်တဲ့နေရာမှာ စခန်းချဖို့ ပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဘက်က သက်ဆိုင်ရာ နယ်မြေမှာ တပ်စခန်းချဖို့ လိုလားနေတာလည်း ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တပ်မတော်တို့အကြား တပ်နေရာချထားရေး အဆိုပြုချက်တွေဟာ တစ်ဖက်နဲ့ တစ်ဖက် လိုချင်တာကို အလှမ်းဝေးနေတာကြောင့် လာမယ့် ကျိုင်းတုံက ဆွေးနွေးပွဲမှာ ဒါကို အဓိက ညှိနှိုင်းရမယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“ထပ်ပြီးတော့ဆွေးနွေးရမှာပေါ့။ အဓိကကတော့ တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီး နှစ်ဖက်အဆိုပြုချက်က အလှမ်းအရမ်းဝေးတာကိုး။ ဒီဟာကို ဒီဆွေးနွေးပွဲမှာ ဘယ်လောက်အထိ ဆွေးနွေးနိုင်လဲ စောင့်ကြည့်ရမှာပေါ့။ တပ်ဘက်က အဆိုပြုထားတဲ့ တပ်နေရာချထားရေးကို ဆွေးနွေးပွဲ မရောက်ခင် ကြိုငြင်းထားတဲ့ သဘောပါပဲ” လို့ သူက သုံးသပ်ပြောကြားပါတယ်။

ဒါ့အပြင် သြဂုတ်လ (၃၁)ရက်မှာ ကုန်ဆုံးတော့မယ့် စစ်တိုင်း(၅)တိုင်း အပစ်ရပ်ကာလကို သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် စောင့်ကြည့်ရမယ့် အခြေအနေဖြစ်တယ်လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ သြဂုတ် ၂၉ရက် ကြေညာချက်ထဲမှာ သူတို့အနေနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှု၊ FPNCC ရဲ့ နိုင်ငံရေး ဦးဆောင်မှုတွေအောက်မှာ နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာလိုတယ်လို့လည်း ဖော်ပြထားပါတယ်။

 ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/
NRPC ကတစ်ဆင့်ပေးတဲ့ အပစ်ရပ်မူကြမ်းကို လက်မခံနိုင်ဘူးလို့ ဆွေးနွေးပွဲမတိုင်ခင် (၂)ရက်အလိုမှာ ညီနောင်မဟာမိတ် (၃)ဖွဲ့ထုတ်ပြန် NRPC ကတစ်ဆင့်ပေးတဲ့ အပစ်ရပ်မူကြမ်းကို လက်မခံနိုင်ဘူးလို့ ဆွေးနွေးပွဲမတိုင်ခင် (၂)ရက်အလိုမှာ ညီနောင်မဟာမိတ် (၃)ဖွဲ့ထုတ်ပြန် Reviewed by THITHTOOLWIN on 00:05 Rating: 5
Powered by Blogger.