ဘားအံအကျဉ်းထောင် ထောင်သား (၄၂)ဦး ထောင်ဖောက်ပြေးမှု လက်ထောက်ညွှန်ကြားရေးမှူးအပါ (၈) ဦးအား ထောင်ဒဏ် (၇)ရက်ချ


ဘားအံ၊ သြဂုတ် ၂၇

ဘားအံအကျဉ်းထောင်ကနေ ထောင်သား (၄၂)ဦး ထောင်ဖောက်ပြေးမှုနဲ့ ပတ်သက်ပြီး ဘားအံအကျဉ်းထောင် လက်ထောက်ညွှန်ကြားရေးမှူးနဲ့ အမှုထမ်းအရာထမ်း (၇) ဦးကို ဘားအံမြို့နယ် တရားရုံးက သြဂုတ်လ ၂၆ ရက်နေ့က ပြစ်ဒဏ် အမိန့်ချမှတ်လိုက်တယ်လို့ ဘားအံမြို့နယ် တရားရုံးကနေ စုံစမ်းသိရှိရသည်။

ဘားအံအကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသန်းသန်းအပါအ၀င် ၀န်ထမ်း (၈) ဦးကို အလုပ်နဲ့ထောင်ဒဏ် (၇) ရက်စီ ချမှတ်လိုက်ခြင်းဖြစ်တယ်လို့ ဘားအံမြို့နယ် တရားသူကြီး ဒေါ်မေလင်းထူးက ပြောပါတယ်။

“အကျဉ်းထောင်အက်ဥပဒေ ၅၄(၁) အရ အရေးယူထားတာပါ။ အားလုံးဦးအေးသန်းအပါအ၀င် (၈) ဦးကို အလုပ်နဲ့ထောင်ဒဏ် (၇) ရက် အသီးသီးချမှတ်လိုက်တာပါ။ တခြားမှတ်ချက်တော့ပေးစရာမရှိပါဘူး” လို့ဘားအံမြို့နယ်တရားသူကြီး ဒေါ်မေလင်းထူးက ပြောပါတယ်။

ယမန်နှစ်ကဖြစ်ပွားခဲ့တဲ့ ဘားအံအကျဉ်းထောင် ဖောက်ပြေးမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံရသူတွေက ဘားအံအကျဉ်းထောင်မှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသန်း၊ လက်ထောက်ကြီးကြပ်ရေးမှူး (၁) ဦးစိုးဝင်း၊ လက်ထောက်ကြီးကြပ်ရေးမှူး(၁) ဦးသိန်းလင်းထွဋ်၊ အကျဉ်းထောင်တပ်ကြပ်ဦးထွန်းလှအောင်၊ အကျဉ်းထောင်တပ်ကြပ် ဦးဝင်းညွှန့်၊ အကျဉ်းထောင်တပ်ကြပ် ဦးစန်းဝင်း၊ အကျဉ်းထောင် ဒုတိယတပ်ကြပ်ဦးကျော်ဝင်းစိန်၊ အကျဉ်းထောင်တပ်သား အာကာပိုင်စိုး တို့ ဖြစ်တယ်လို့ ဒေါ်မေလင်းထူးက ပြောပါတယ်။

အခုလို ထောင်ဒဏ် (၇)ရက်သာ ချမှတ်တဲ့အပေါ် ဒေသခံအချို့က ဝေဖန်ကြပါတယ်။

“အပြစ်ဒဏ်ကနည်းလွန်းတယ်လို့ထင်တယ်။ ၀န်ထမ်းမို့လို့ လျော့ပေါ့တာလားတော့ မပြောတက်ဘူး။ ကျွန်တော်နဲ့တော့ ဘာအညှိုးအတေးမှတော့မရှိပါဘူး။ ဒါပေမယ့် ဒီလောက်ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပြီး စံချိန်တင်ထောင်ဖောက်ပြေးမှုအတွက် ပေါ့လျော့ခဲ့တဲ့ သူတွေကို ဒီထက်တော့ပိုပြီးမျှော်လင့်ထားခဲ့မိတယ်” လို့ ဘားအံ-မြ၀တီ အဝေးပြေးကားမောင်းသူ တစ်ဦးက ပြောပါတယ်။

ဘားအံမြို့တောင်ကလေးကျေးရွာရှိ ဘားအံအကျဉ်းထောင်ကနေ ထောင်သား ၄၂ ဦး ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့က ထောင်တွင်းသန့်ရှင်းရေးလုပ်တဲ့ အမှိုက်ကားအားလုယူကာ ထောင်တံခါး (၃)ချပ်ကို တိုက်ဖျက်ပြီးထောင်ဖောက်ပြေးခဲ့ခြင်းဖြစ်ပြီး ယခုတိုင် ထောင်ပြေး ၁၆ ဦးခန့် ဖမ်းဆီးရရှိရန် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

စောလင်းခိုင်
ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/
ဘားအံအကျဉ်းထောင် ထောင်သား (၄၂)ဦး ထောင်ဖောက်ပြေးမှု လက်ထောက်ညွှန်ကြားရေးမှူးအပါ (၈) ဦးအား ထောင်ဒဏ် (၇)ရက်ချ ဘားအံအကျဉ်းထောင် ထောင်သား (၄၂)ဦး ထောင်ဖောက်ပြေးမှု လက်ထောက်ညွှန်ကြားရေးမှူးအပါ (၈) ဦးအား ထောင်ဒဏ် (၇)ရက်ချ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.