မွန်ပြည်နယ်မှာ ၃ နေရာ မြေထပ်ပြို

ပေါင်မြို့နယ် ကျွဲခြံကျေးရွား မြေပြိုကျ သြဂုတ် ၁၀ ရက် ၂၀၁၉ (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)
မြန်မာနိုင်ငံတချို့ဒေသတွေမှာ မိုးသည်းထန် ရေလျှံပြီး မြေပြို လူသေဆုံးမှုတွေအထိဖြစ်နေချိန်မှာ လာမယ့် ရက်ပိုင်းတွေအတွင်း အထူးသဖြင့် ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမှာ မိုးထပ်များနေဦးမယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက သတိပေးသွားပါတယ်။

အဆိုးရွားဆုံး ဖြစ်ရပ်အဖြစ် မွန်ပြည်နယ်၊ ပေါင်မြို့ နယ်၊ သဲဖြူကုန်းကျေးရွာမှာ သြဂုတ်လ ၉ ရက်နေ့က မိုးကြီးပြီး မြေပြိုလို့ အိမ်တွေ ကားတွေ ပိသွားခဲ့ရပြီး တရားဝင်စာရင်းအရ ဒီကနေ့ စနေနေ့လည် ၂ နာရီအချိန်ထိဆိုရင် သေဆုံးသူ (၃၃) ဦးထက်မနည်း ၇ှိသွားပြီလို့ ကို မြန်မာ မီးသတ်ဦးစီးဌာနရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီနေ့လည်း အဲဒီနယ်မြေက ကျွဲခြံကျေးရွာအပါအဝင် နေရာ ၃ နေရာမှာ မြေထပ်ပြိုခဲ့ပေမယ့် အသေအပျောက်တော့ မရှိပါဘူး။

မွန်ပြည်နယ် ဘီးလင်းဘက်မှာ မိုးများပြီး ရေကြီးနေတာကြောင့် ဒေသခံ ၇ ထောင်ကျော် ဘေးလွတ်ရာရှောင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး ညှိနှိုင်းရေးမှုးရုံး UNOCH က ပြောပါတယ်။ မြန်မာနိုင်ငံ ကချင်၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ လည်း မိုးများပြီးရေကြီးရေလျှံမှုတွေရှိခဲ့ပြီး ရေဘေးကြောင့် ခိုလှုံရေးစခန်းတွေမှာ နေထိုင်နေရတဲ့ သူပေါင်း ၄ သောင်းလောက် ရှိနေပါသေးတယ်လို့ UNOCHA က ပဲ ပြောပါတယ်။ ကူညီကယ်ဆယ်ရေးတွေအတွက် ကြက်ခြေနီအသင်း၊ ဒေသတာဝန်ရှိသူတွေ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေနဲ့ အစိုးမဟုတ်တဲ့အဖွဲ့အစည်း ပူးပေါင်းဆောင်ရွတ်နေကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မွန်ပြည်နယ်မှာ ၃ နေရာ မြေထပ်ပြို မွန်ပြည်နယ်မှာ ၃ နေရာ မြေထပ်ပြို Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.