တပ်မတော်ကစွဲထားတဲ့အမှုနဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရ

အလုပ်နဲ့ထောင်ဒဏ် ၁ နှစ်ကျခံစေဖို့ ချမှတ်
တပ်မတော်ရဲ့ တရားစွဲဆိုမှုကို ခံထားရတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ဒီကနေ့ သြဂုတ် ၂၉ ရက်နေ့က ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တရားရုံးမှာ အလုပ်နဲ့ထောင်ဒဏ် ၁ နှစ်ကျခံစေဖို့ ချမှတ်လိုက်ပါတယ်။

ထောင်ဒဏ်တစ်နှစ်ကျခံဖို့ အမိန့်ချမှတ်ပြီးပြီးချင်းမှာပဲ တရားရုံးကပြန်ထွက်လာတဲ့ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ' ' တစ်နှစ်ချလိုက်တဲ့အတွက် စိတ်မပူကြပါနဲ့။ ကျွန်တော်ပြန်ထွက်လာပြီးရင် ကျွန်တော့်အလုပ်တွေကို ပြန်လုပ်မှာပါ။ အရေးကြီးတာ တစ်ခုက အခြေခံဥပဒေပြင်ဆင်ရေးကို ခေါင်းဆောင်တွေနဲ့အတူ မျက်ခြည်မပြတ် စိတ်ရောကိုယ်ရော အားလုံး ညီညီညွတ်ညွတ် ချီတက်ကြပါ''လို့ ပြောပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သူရဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှာ ဖေဖော်ဝါရီ ၁၅ ရက် ကနေ မတ်လ ၂၂ ရက် အတွင်း ရေးသားဖော်ပြခဲ့တဲ့ ရေးသားချက် ၁၀ ခု ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကို ထိပါးစေတယ် ဆိုပြီး တပ်မတော်ကိုယ်စား ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက မတ်လ ၂၉ ရက်က အင်းစိန်မြို့မ ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့ပါတယ်။ အဲဒီအမှုအတွက် ဧပြီ ၂ ရက်က အာမခံ ရရှိခဲ့ပါတယ်။

ထပ်မံပြီး ဒုတိယဗိုလ်မှူးကြီး လင်းထွန်းကပဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဧပြီလ ၃ ရက် မှာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အင်းစိန်မြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက် တိုင်ကြားခဲ့ပါတယ်။

အင်းစိန်တရားရုံးမှာ ဧပြီ ၁၂ ရက် က ပုဒ်မ ၅၀၅ (က) အမှုကို စစ်ဆေးချိန်မှာ ကျန်းမာရေး အာမခံ လျှောက်ထားရာ ပယ်ချခံရပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်ထောင်မှာ ချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

 ရေးသားချက် ၁၀ ခု ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကို ထိပါးစေတယ် ဆိုပြီးတရားစွဲခံရ

'' အမှုနဲ့ပတ်သက်ပြီးတော့ အမြန်ဆုံး အယူခံတက်သွားမှာပါ။ သူက အသည်းတစ်ခြမ်း လှီးထုတ်ထားရပြီး ကျောက်ကပ်နဲ့ နှလုံးကလည်း မကောင်းပါဘူး။ ဒီလိုလူကို အခုလိုပြစ်ဒဏ်ချလိုက်တာ ထောင်ထဲမှာ သေမင်းနဲ့ ရင်ဆိုင်ခိုင်းလိုက်တာနဲ့ အတူတူပါပဲ''လို့ အမှုနဲ့ပတ်သက်ပြီး အယူခံဝင်သွားမယ့်အပေါ် မင်းထင် ကိုကိုကြီးရဲ့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ဘီဘီစီကိုပြောပါတယ်။

မင်းထင်ကိုကိုကြီးကို မူလက ပုဒ်မ ၆၆ (ဃ)နဲ့ စွဲဆိုခဲ့ရာက၊ ပုဒ်မ ၅၀၅(က)နဲ့ ထပ်မံစွဲဆိုခဲ့တာဖြစ်ပြီး အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ် ဟာ ပုဒ်မ ၅၀၅ (က)နဲ့စွဲဆိုထားမှုအတွက်ချမှတ်လိုက်တာဖြစ်ပါတယ်။

ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ချုပ်ရက်များကို ခံစားခွင့်ပြုတယ်လို့လည်း တရားခွင်မှာ တရားသူကြီး ကပြောဆိုခဲ့ ပါတယ်။

'' တပ်မတော်ကို အထက်အောက် တာဝန်မလေးမစားဖြစ်မှုသော်လည်းကောင်း ဖြစ်ထွန်းပါလားဆိုတာကို မဖြစ်ထွန်းပါဘူးလို့ ထွက်ဆိုထားတဲ့အတွက် အပြစ်ကလွှတ်ရမှာပါ''လို့လည်း ရှေ့နေဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကို အဓိက ရိုက်ကူး ပုံဖော်နေသူတစ်ဦးဖြစ်ပါတယ်။

ဒီအမှုမှာတရားလိုဘက်က တရားလိုပြ သက်သေ ၅ဦး တင်သွင်း ထွက်ဆိုခဲ့ပေမယ့် ဒါရိုက်တာမင်းထင်ကိုကိုကြီးဘက်က သက်သေ တစ်ဦးမှ မတင်သွင်းခဲ့ဘဲ သူတစ်ယောက်တည်းသာ ထွက်ဆိုခဲ့တယ်လို့လည်း သူ့ရှေ့နေထံက သိရပါတယ်။

ဒါ့အပြင် "၆၆ ဃ နဲ့စွဲထားတဲ့ဟာကလည်း ပယ်ဖျက်လိုက်ပြီးလား ထပ်ရင်ဆိုင်ရဦးမှာလားဆိုတာလည်း မသိသေးဘူး။ ရဲဘက်က ဘာမှ မပြောသေးဘူး" လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
တပ်မတော်ကစွဲထားတဲ့အမှုနဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရ တပ်မတော်ကစွဲထားတဲ့အမှုနဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရ Reviewed by THITHTOOLWIN on 00:11 Rating: 5
Powered by Blogger.