ကျောင်းသူများအား မစင်သုတ်လိမ်းကာ အပြစ်ပေးခဲ့သည့် ဆရာမကို အရေးယူမည်ဟုသိရ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာ အ.ထ.က(ခွဲ) စတုတ္ထတန်းကျောင်းသူ ၃ဦးအား လပတ်စာမေးပွဲကျသောကြောင့် ပါးစပ်နှင့်နှာခေါင်းတွင် မစင်သုတ်လိမ်းကာ အပြစ်ပေးခဲ့သော ဆရာမအား အရေးယူသွားမည်ဖြစ်ကြောင်း ထိုကျောင်း၏ ကျောင်းအုပ်ဆရာမကြီးထံမှသိရသည်။

"အရေးယူသွားမှာပါ၊ ပညာရေးဌာနကလည်း မနေ့က လာစစ်သွားပါတယ်။ အခုဆရာမကိုလည်း ထိန်းသိမ်းထားပါတယ် လုံခြုံတဲ့နေရာမှာပေါ့။ ဒီမှာနယ်မြေကလည်း နည်းနည်းမအေးချမ်းလို့ ပညာရေးမှူးရုံးမှာဘဲခေါ်ထားပါတယ်"ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးတင့်က Kachin Times ကိုပြောသည်။

မည်ကဲ့သို့အရေးယူသွားမည်ကိုတော့ ၄င်းအနေနှင့်မသိကြောင်း၊ ပညာရေးဌာနမှ တာဝန်ရှိသူများက အရေးယူဆောင်ရွက်ကာ ထိုက်သင့်သည့်ပြစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးကဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မူဆယ်မြို့နယ်ပညာရေးမှူးရုံးထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆရာကြီးမရှိကြောင်း၊ တာဝန်ယူဖြေကြားပေးမည့်သူမရှိကြောင်း ၀န်ထမ်းတစ်ဦးကဖြေဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ရက်နေ့က အင်္ဂလိပ်စာဆရာမဒေါ်အိဇာဇာအောင်သည် စတုတ္ထတန်း လပတ်စာမေးပွဲကျသော ကျောင်းသား/သူ ၁၆ဦးအား စာသင်ခန်းဘေးကွင်းပြင်တွင် မတ်တပ်ရပ်၍ လက်မြောက်ခိုင်းခြင်း၊ တုတ်ဖြင့်သုံးချက်ရိုက်ခြင်း၊ ကျောင်းသူ ၃ဦးအား အိမ်သာမှ မစင်ယူခိုင်း၍ ပါးစပ်နှင့်နှာခေါင်းတွင် သုတ်လိမ်းပေးခြင်းများပြုလုပ်ခဲ့ရာ မစင်သုတ်လိမ်းပေးသည့် လုပ်ရပ်ကို မကျေနပ်သဖြင့် ကျောင်းသားမိဘ ၁၆ဦးက လက်မှတ်ထိုး၍ ထိရောက်စွာအရေးယူပေးပါရန် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ပညာရေးမှူးထံသို့ သြဂုတ်လ ၅ရက်နေ့က တိုင်ကြားထားသည်။

"အဲ့လိုဖြစ်ပြီးနောက်တစ်ရက် ကျောင်းသားမိဘတွေနဲ့ ကျောင်းအုပ်ကြီးဆီသွားတွေ့တယ်။ ကျောင်းအုပ်ဆရာမကြီးကတော့ ကြားထဲကနေ ကျေအေးဖို့တောင်းပန်ပါတယ်။ ဆရာမကိုတောင်းပန်ခိုင်းတော့ သူမမှားဘူးဆိုပြီး ဘာလို့တောင်းပန်ရမလဲဆိုပြီးပြောတယ်။ နောက်မှ ဆရာမကြီးနဲ့ကျောင်းသူတွေက ထွက်ဆိုလာတော့.. ဆရာမက ဒီလိုဖြစ်စဉ်တွေနောက်မဖြစ်စေရဘူး ကျေနပ်ပြီလား ဆိုပြီးမေးလာတော့ ကျောင်းသားမိဘတွေက မကျေနပ်နိုင်ဘူးဆိုပြီး အစည်းအဝေးကနေ ထွက်သွားတာ" ဟု ယခုဖြစ်စဉ်တွင် ကျောင်းသားမိဘများအား လိုက်လံကူညီပေးနေသူ ဓမ္မအမှုတော်ဆောင် ဆရာလဒွဲကပြောပြသည်။

ဆရာမဒေါ်အိဇာဇာအောင်က စာမေးပွဲကျလျင် မစင်ရှူခိုင်းမည်ဟု ကြိုတင်ပြောထားပြီး မစင်ထုပ်ယူလာချိန်တွင် ကျောင်းသူများမှ ရွံ၍ပစ်လိုက်သောကြောင့် စင်သွားကြောင်း၊ ၄င်းမှမရှူခိုင်းကြောင်း အကြောင်းပြချက်ပြောဆိုထားသော်လည်း ကျောင်းသူများကတော့ မစင်သုတ်လိမ်းခံရကြောင်း ထွက်ဆိုခဲ့သည်ဟု ဆရာလဒွဲကဆိုသည်။

ထိုဆရာမသည် ၂၀၁၈-၂၀၁၉ခုနစ် ပညာသင်နှစ်တွင်လည်း လပတ်စာမေးပွဲကျသော ကျောင်းသား၊ကျောင်းသူ ၁၃ဦးကို မစင်နံ့ရှူစေခြင်းများ ပြုလုပ်ခဲ့ဖူးကြောင်း ကျောင်းသားအချို့မှ ပြန်လည်ထွက်ဆိုခဲ့သည်ဟု ဆရာလဒွဲက ဆက်လက်ပြောဆိုသည်။

"ကျောင်းသားမိဘတွေကတော့ ဒီလိုဖြစ်စဉ်မျိုးတွေကို နောက်နောင် မဖြစ်စေလိုဘူး၊။ ဒါ့ကြောင့် ပညာရေးဌာနက လူကြီးတွေကနေပြီး ထိရောက်တဲ့အရေးယူမှုကို လိုလားတယ်လို့ပြောပါတယ်" ဟု ဆရာလဒွဲကဆိုသည်။

The Kachin Times
https://www.facebook.com/KachinTimes.kcn/
ကျောင်းသူများအား မစင်သုတ်လိမ်းကာ အပြစ်ပေးခဲ့သည့် ဆရာမကို အရေးယူမည်ဟုသိရ ကျောင်းသူများအား မစင်သုတ်လိမ်းကာ အပြစ်ပေးခဲ့သည့် ဆရာမကို အရေးယူမည်ဟုသိရ Reviewed by THITHTOOLWIN on 22:47 Rating: 5
Powered by Blogger.