ကွတ်ခိုင်-မူဆယ်ကြားမှာ တွဲကား(၈)စီး တာယာတွေပစ်ဖောက်ခံရ

ဓာတ်ပုံ-ကိုနေမျိုး
တောင်ကြီး၊ သြဂုတ်၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်-မူဆယ်လမ်းမှာ သွားလာနေတဲ့ အဆင်းတွဲကား (၈)စီးကို သြဂုတ်လ၂၆ ရက် ညနေ၆နာရီအချိန်ခန့် မန်လွယ်နှင့် နမ့်ဖတ်လွန်းကြားမှာ တာယာတွေ ပစ်ဖောက်ခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဓာတ်ပုံ-ကိုနေမျိုး
နမ့်ဖတ်ကာ-မူဆယ်ကြား၊ ဟန်ကိုင်နဲ့ နမ့်မွှေးအနီးမှာ မနေ့ညနေပိုင်းအထိ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး နံနက်၁၁နာရီ ၃၀အချိန်ခန့်ကနေ ဒီကနေ့မနက် ၁၁နာရီအချိန်ခန့်အထိ ကွတ်ခိုင်တိုးဂိတ်ကို လက်နက်ကိုင်အဖွဲ့က ပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။

"မူဆယ်ကဆင်းလာတဲ့ကားတွေကို တားပြီး ဘီးတွေဖောက်ထားတာ။ မနေ့ညက ဘယ်ကားမှ အသွားအလာမရှိဘူး။ ကွတ်ခိုင်တိုးဂိတ်ကတော့ အခုထိပိတ်ထားတယ်။ အတက်ပိတ်ထားတာ။ အဆင်းကတော့ လာလို့ရတယ်။ သွားလာမှုအခြေအနေအတွက် လုံခြုံရေးက စိတ်မချရသေးဘူး။ အရေးကြီးတဲ့ ခရီးသည်တွေကတော့ သွားနေကြတယ်"လို့ ဒေသခံပြည်သူကိုနေမျိုးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

ဓာတ်ပုံ-ကိုနေမျိုး
အလားတူ သြဂုတ်လ၂၆ရက် နေ့လည်ပိုင်းအချိန်က ကွတ်ခိုင်မြို့ရှိ ကမ္ဘာအေးစေတီကျောင်း၊ ဆွမ်းစားကျောင်းပေါ်သို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်မှုဖြစ်ပွားခဲ့ပြီး ရဟန်းသံဃာတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မဟာစည်ဘုန်းကြီးကျောင်းကို ယာယီတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ဒါအပြင်ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာအုပ်စု၊ ပန်းဆေးကျေးရွာထဲကို သြဂုတ်လည ၇ နာရီဝန်းကျင်မှာ လက်နက်ကြီးကျည်၇လုံးကျရောက်ခဲ့ပြီး ရွာသားတစ်ဦးကို ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကွတ်ခိုင်-မူဆယ်ကြားမှာ တွဲကား(၈)စီး တာယာတွေပစ်ဖောက်ခံရ ကွတ်ခိုင်-မူဆယ်ကြားမှာ တွဲကား(၈)စီး တာယာတွေပစ်ဖောက်ခံရ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.