အပျိုစင် စကားလုံးကို လက်ထပ်လျှောက်လွှာကနေ ဘင်္ဂလားဒေ့ရှ် တရားရုံး ပယ်ဖျက်

 သတို့သမီးလက်ပေါ်မှာ ခြယ်ထားတဲ့ ဆေးတွေ
ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးတွေ လက်ထပ်ဖို့ လျှောက်လွှာ ဖြည့်သွင်းရာမှာ အပျိုစင် ဖြစ်ကြောင်း ထည့်သွင်း ကြေညာစရာ မလိုတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်ရဲ့ အမြင့်ဆုံး တရားရုံးက ပြဋ္ဌာန်းလိုက်ပါတယ်။

အပျိုစင်ဆိုတဲ့ စကားလုံးအစား အိမ်ထောင်မရှိသူဆိုတဲ့ စကားလုံးနဲ့ အစားထိုး ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။

နောက်ထပ် ဖြည့်သွင်း နိုင်တဲ့ အိမ်ထောင်ဘက် ကွယ်လွန် နဲ့ ကွာရှင်းထားသူဆိုတဲ့ စကားလုံးတွေကတော့ အရင်အတိုင်း မပြောင်းလဲပါဘူး။

အခုဆုံးဖြတ်ချက်ကို တရားရုံးက တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုလို ကြေညာလိုက်တာကို အမျိုးသမီး အခွင့်အရေး အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။

အပျိုစင်ဖြစ်ကြောင်း ကြေညာခိုင်းတာဟာ အမျိုးသမီးတွေကို နှိမ်ထားတာ ဆိုပြီး အမျိုးသမီး အခွင့်အရေး တောင်းဆိုတဲ့အဖွဲ့တွေက ဒီအသုံးအနှုန်းကို ကန့်ကွက်ခဲ့ကြပါတယ်။

အဲဒီလို ပြောင်းလဲလိုက်တဲ့အပြင် လက်ထပ်ဖို့ လျှောက်လွှာတင်မယ့် သတို့သားတွေဟာလည်း သူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေကို ထည့်သွင်းကြေညာရတော့မှာ ဖြစ်ပါတယ်။

မွတ်ဆလင်အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေဟာ အမျိုးသမီးတွေအပေါ် ကန့်သတ်ချက်တွေနဲ့ ခွဲခြားနှိမ်ချတာတွေ ရှိတယ်ဆိုပြီး အမျိုးသမီး အခွင့်အရေးတောင်းဆိုသူတွေက ဝေဖန်ကန့်ကွက်နေခဲ့ကြတာပါ။

မိန်းကလေး အတော်များများဟာ အသက်ငယ်ငယ်အရွယ်တွေမှာပဲ မိဘတွေ သဘောကျသူတွေနဲ့ လက်ထပ်နေကြရတာ ဖြစ်ပါတယ်။
တရားရုံးက ဘာပြင်လိုက်တာလဲ

'ကုမ္မာရီ' ဆိုတဲ့ စကားလုံးကို လက်ထပ်လျှောက်လွှာကနေ ဖယ်မယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

အဲဒီစကားလုံးဟာ အိမ်ထောင်မရှိသူလို့ အဓိပ္ပာယ်ရှိပြီး အပျိုစင်လို့လည်း နောက်ထပ် အဓိပ္ပာယ် တစ်မျိုး ရှိနေပြန်ပါတယ်။

အခုတော့ 'အော်ဘီဘဟီတာ' ဆိုတဲ့ အိမ်ထောင်မရှိသူလို့ သီးသန့်အဓိပ္ပါယ်ထွက်တဲ့ စကားလုံးကိုပဲ သုံးစွဲရမှာ ဖြစ်ပါတယ်။

အမျိုးသမီး အခွင့်ရေး တောင်းဆိုတဲ့ ရှေ့နေတွေက အဲဒီ စကားလုံးကို ပြင်ဆင်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ တရားရုံးကို တင်ပြလျှောက်ထားခဲ့ကြပါတယ်။ အဲဒီစကားလုံးဖြည့်သွင်းရတဲ့ လက်ထပ် လျှောက်လွှာဟာ အမျိုးသမီးတွေရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိပါးပြီး အမျိုးသမီးတွေရဲ့ အရှက်သိက္ခာကို နှိမ်ချတာဆိုပြီး တင်ပြခဲ့ကြရာက အခုလို ပြင်ဆင်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အခု အပြောင်းအလဲဟာ အမျိုးသမီးအခွင့်အရေး တိုးတက်ဖို့ အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ကြ
အဲဒါကြောင့် အဓိပ္ပာယ် နှစ်ခွ ရှိနေတဲ့ ကုမ္မာရီဆိုတဲ့ စကားလုံးအစား အိမ်ထောင်မရှိသူဆိုတဲ့ စကားလုံးကို ပြောင်းသုံးစေတာ ဖြစ်ပါတယ်။

သတို့သားတွေ အနေနဲ့လည်း သူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေကို ဖော်ပြရာမှာ အိမ်ထောင်မရှိ၊ ကွာရှင်းထားသူ ဒါမှမဟုတ် အိမ်ထောင်ဘက်ကွယ်လွန် ဆိုတဲ့ စကားလုံးတွေကို ထည့်သွင်း ဖော်ပြကြရမှာ ဖြစ်ပါတယ်။

တရားရုံးက အခု ဆုံးဖြတ်ချက်ကို တရားဝင်ကြေညာရဖို့ ရှိပါသေးတယ်။ ပြီးရင်တော့ အခုအပြောင်းအလဲဟာ လပိုင်းအတွင်းမှာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။
တုံ့ပြန်ချက်တွေ ဘယ်လိုရှိလဲ

အခု တောင်းဆိုမှုမှာ ပါဝင်ခဲ့တဲ့ ရှေ့နေ အမျိုးသမီး တစ်ယောက်က ဒါဟာ သမိုင်းတွင်မယ့် စီရင်ချက်ပဲလို့ ပြောပါတယ်။

ဒီအပြောင်းအလဲဟာ အမျိုးသမီးအခွင့်အရေး တိုးတက်ဖို့ အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒေသခံ တရားရုံး မှတ်ပုံတင် အရာရှိ တွေကတော့ အခု လျှောက်လွှာ ပြင်ဆင်ချက်ကို သူတို့ စောင့်နေကြပြီလို့ ပြောပါတယ်။

ဒါကာမြို့မှာ လက်ထပ် လျှောက်လွှာတွေ ဆောင်ရွက်ပေးရတဲ့ အခါ ဘာလို့ ယောက်ျားလေးကျတော့ အိမ်ထောင်ရှိ၊ မရှိ မဖြည့်ရဘဲ မိန်းကလေးတွေပဲ ဖြည့်ရတာလဲလို့ ခဏခဏ အမေးခံရပါတယ်။ ကျွန်တော်ကလည်း အဲဒီလို ဖြည့်ဖိုမဖြည့်ဖို့က ကျွန်တော်တို့ လုပ်ပေးလို့ရတာ မဟုတ်ဘူးလို့ အမြဲတမ်းဖြေနေရပါတယ်လို့ တရားရုံး မှတ်ပုံတင် အရာရှိ တစ်ယောက်က ပြောပါတယ်။

နောက်ကို ဒါမျိုး ထပ်အမေး မခံရတော့ဘူးလို့ မျှော်လင့်ပါတယ်လို့လည်း သူက ပြောပါတယ်။

BBC Burmese
https://www.bbc.com
အပျိုစင် စကားလုံးကို လက်ထပ်လျှောက်လွှာကနေ ဘင်္ဂလားဒေ့ရှ် တရားရုံး ပယ်ဖျက် အပျိုစင် စကားလုံးကို လက်ထပ်လျှောက်လွှာကနေ ဘင်္ဂလားဒေ့ရှ် တရားရုံး ပယ်ဖျက် Reviewed by THITHTOOLWIN on 09:28 Rating: 5
Powered by Blogger.