နော်အုံးလှကို ငြိမ်းစုစီပုဒ်မ ၂ဝ နဲ့ ကျောက်တံတားရဲစခန်းက အမှုဖွင့်

၂ဝ၁၉ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန် မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပသည့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားတွင်တွေ့ရသည့် ဒေါ်နော်အုံးလှ။
ရန်ကုန်တိုင်းအစိုးရရဲ့ ခွင့်ပြုချက်မရဘဲ ကရင့်အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့တဲ့အတွက် ဦးဆောင်သူ ကရင်အမျိုးသမီးအစည်းအရုံး KWU ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှ အပါအဝင် သုံးယောက်ကို ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက အမှုဖွင့်လိုက်ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့က ကျရောက်တဲ့ ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန် မြို့တော်ခမ်းမနဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပခဲ့ကြတာပါ။

မူလက မကွေးပရိယတ္တိစာသင်တိုက်မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ကရင်အာဇာနည်နေ့ ခေါင်းစဉ်နဲ့ မကျင်းပဖို့ တိုင်းအစိုးရက စာထုတ်ပြီး တားမြစ်ခဲ့တဲ့အတွက် ကရင်တိုင်းရင်းသား တစ်ရာကျော် စုပေါင်းပြီး မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ကျောက်တံတားမြို့နယ်ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ အမှုဖွင့် အရေးယူတာ မှန်ကန်ကြောင်းနဲ့ ငြိမ်းစုစီပုဒ်မ ၂ဝ နဲ့ အမှုဖွင့်ထားတာလို့ မြို့နယ် ရဲစခန်း တာဝန်မှူးက ဖြေကြားခဲ့ပါတယ်။

၁၉၄၉ ခုနှစ်က စတင်ခဲ့တဲ့ ကရင်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီးဟာ ၁၉၅ဝ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ စောဘဦးကြီး ကျဆုံးတဲ့နေ့ကို အထိမ်းအမှတ်ပြုပြီး နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် ကရင်တိုင်းရင်းသားတွေက သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေါ်နော်အုန်းလှဟာ ကရင်ပြည်နယ် မြဝတီမြို့မှာ DKBA အဖွဲ့က အကောင်အထည်ဖော်ထားတဲ့ ရွှေမြစန္နီ အိမ်ယာမှာ နေထိုင်သူတွေ ဖယ်ရှားခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဧပြီလ ၂၂ ရက်နေ့က လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉၊ ၂ဝ တို့နဲ့ တရားစွဲခံနေရသူလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
နော်အုံးလှကို ငြိမ်းစုစီပုဒ်မ ၂ဝ နဲ့ ကျောက်တံတားရဲစခန်းက အမှုဖွင့် နော်အုံးလှကို ငြိမ်းစုစီပုဒ်မ ၂ဝ နဲ့ ကျောက်တံတားရဲစခန်းက အမှုဖွင့် Reviewed by THITHTOOLWIN on 08:42 Rating: 5
Powered by Blogger.