ငဖဲမြို့နယ်မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ စတင်ရေကျော်သောကြောင့် အရေးပေါ်အခြေအနေ ပြည်သူများအားအသိပေးနှိုးဆော်ထား


ငဖဲ ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင် တမံသည် ဩဂုတ် ၅ ရက်တွင် ဆည်ရေပြည့်အမှတ်(R.L625.00) ရှိရာမှ ယနေ့တွင်(R.L-625.90)သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲ မှ(0.90)ပေ အမြင့်အဖြစ် စတင်ရေကျော်လျက်ရှိ၍တမံ၊ရေထုတ်ပြွန်၊ ရေပိုလွှဲ နှင့်ဆက်စပ်အဆောက် အဦများ အားလုံးကြံ့ခိုင်ကောင်းမွန်ကြောင်းနှင့် (၂၄)နာရီရေကင်း တာဝန်ချ ထားပြီး အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှသိရသည်။

ယခုလက်ရှိတွင် မန်းချောင်းရေလှောင်တမံအတွင်းရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှရေကျော်မှုများရှိနေ သော်လည်း မြို့နယ်အတွင်းရှိပြည်သူများသိရှိနိုင်ရန် အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁)အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ရေထုတ်ပြွန်နှင့်ရှင်းလင်းဆောင် နေရာများတွင်လည်းကောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံးရှေ့နှင့် မန်းချောင်းဘေးရှိကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးများနှင့် ကျေးရွာခွဲများတွင်လည်းကောင်း အစိမ်းရောင်အလံများစိုက်ထူ၍ အသိပေးနှိုးဆော်ဆောင်ရွက်ထားရှိသည်။

ငဖဲမြို့နယ်မန်းချောင်းရေလှောင်တမံမှ နှစ်စဉ်ပင်မရေပိုလွှဲမှရေကျော်လေ့ရှိပြီး ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်စရာအခြေအနေမရှိကြောင်း၊သဘာဝဘေး အန္တရာယ်ကင်းဝေးနိုင်ရေးအတွက် အရေးပေါ်အခြေအနေကြိုတင် စီမံခန့်ခွဲမှု စီမံချက်အရပြည်သူများသိရှိနိုင်ရန် ရေပိုလွှဲမှရေစတင်ကျော်မှုကိုအရေးပေါ် အခြေအနေအဆင့်(၁) အဖြစ် အစိမ်းရောင်အလံလွှင့်ထူ၍ အသိပေးနှိုးဆော် ထားခြင်းဖြစ်ကြောင်း၊ရေပိုလွှဲမှရေကျော်ကျမှုဆက်လက်မြင့်တက်လာပြီး မူလဒီဇိုင်းပြုသတ်မှတ်ထားသည့် Maximum High Flood Level သို့ရောက်ရှိကာ မန်းတမံ အောက်ဘက် ဒေသများရေကြီးမှုဖြစ်ပေါ်နိုင်ခြင်းကိုအရေးပေါ်အခြေအနေအဆင့်(၂)အဝါရောင်အလံသတ်မှတ်ထားရှိကြောင်း နှင့် ရေပိုလွှဲမှရေကျော်စီးထွက်မှုမှာ Maximum High Flood Level ထက်ကျော်လွန်ပြီး ရေပိုလွှဲအဆောက်အအုံ ကျိုးပေါက်ပျက်စီးစေနိုင်သည့်အရေးပေါ်အခြေအနေအဆင့်(၃) အနီရောင် အလံသတ်မှတ်ထားရှိကြောင်း၊ မန်းတမံ အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေရှိ၊မရှိ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်သွားမည် ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်ဝင်း ထံမှသိရသည်။

မယု(ငဖဲ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ငဖဲမြို့နယ်မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ စတင်ရေကျော်သောကြောင့် အရေးပေါ်အခြေအနေ ပြည်သူများအားအသိပေးနှိုးဆော်ထား ငဖဲမြို့နယ်မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ စတင်ရေကျော်သောကြောင့် အရေးပေါ်အခြေအနေ ပြည်သူများအားအသိပေးနှိုးဆော်ထား Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.