ကွတ်ခိုင်မှာ စစ်ရှောင် ၃၀၀လောက်ရောက်နေ၊ ဒီမနက်အထိ တိုက်ပွဲတွေရပ်နေ

အလုပ်လုပ်ကိုင်နေတဲ့ လမ်းလုပ်သားတွေအပြင် ကွတ်ခိုင်နဲ့ နန့်ဖတ်ကာ အကြား နမ့်ကွတ်၊ နမ့်ဖုန်နဲ့ နမ့်ခိုင်ဖက်က သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေလည်းပါတယ်
သြဂုတ်လ ၁၇ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ တပ်မတော်တို့အကြား ထိတွေ့တိုက်ခိုက် မှုတွေကိုရှောင်တိမ်းလာကြတဲ့ စစ်ရှောင် ၃၀၀လောက် ကွတ်ခိုင်မှာကူညီထားရတယ်လို့ ကွတ်ခိုင်မြို့နယ်၊ ဗြဟ္မစိုရ်နှလုံးသားအသင်း အတွင်းရေးမှူး ဦးတင်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ပြည်ထောင်စုလမ်းမတလျှောက် အလုပ်လုပ်ကိုင်နေတဲ့ လမ်းလုပ်သားတွေအပြင် ကွတ်ခိုင်နဲ့ နန့်ဖတ်ကာ အကြား နမ့်ကွတ်၊ နမ့်ဖုန်နဲ့ နမ့်ခိုင်ဖက်က သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေလည်းပါတယ်လို့ သူကဆိုပါ တယ်။

စစ်ရှောင်တွေကို လတ်တလေမှာ ကွတ်ခိုင်မြို့၊ မဟာစည်ဘုန်းကြီးကျောင်းမှာ ယာယီနေထိုင်ဖို့ နေရာချထား ပေးတယ်လို့လည်း ဗြဟ္မစိုရ်နှလုံးသားအသင်း ကသိရပါတယ်။

 နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နဲ့ နန့်ဖတ်ကာ စတဲ့မြို့တွေတလျှောက် မနေ့က ညဖက်ကနေစပြီး ဒီနေ့ သြဂုတ်လ ၁၈ရက်အထိ ပစ်ခတ်သံတွေမကြားတော့ဘူး
နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နဲ့ နန့်ဖတ်ကာ စတဲ့မြို့တွေတလျှောက် မနေ့က ညဖက်ကနေစပြီး ဒီနေ့ သြဂုတ်လ ၁၈ရက် မနက် ၉နာရီအချိန်အထိအထိ ပစ်ခတ်သံတွေမကြားတော့ဘူးလို့ အဲဒီမြို့တွေက လူမှုရေးအသင်းတွေနဲ့ ဆက်သွယ်မေးမြန်းသိရှိရပါတယ်။

ကျောက်မဲမြို့နယ်၊ အဖြူရောင်နှလုံးသားပရဟိတအသင်း ဥက္ကဋ္ဌ ဦးမြဝင်းကလည်း "ညဖက် ၈နာရီ လောက်က အသံတစ်ချက်နှစ်ချက်တော့ကြားတယ်။ ဒါပေမယ့် ပစ်တာဟုတ်မဟုတ် အတည်ပြုလို့မရဘူး၊ အဲဒါအပြင် တခြားပစ်ခတ်သံတွေ၊ တိုက်နေတာတွေမရှိတော့ဘူး။ အေးအေးချမ်းချမ်းပဲ" လို့ ဆိုပါတယ်။

သီပေါလူငယ်အဖွဲ့၊ သိန္နီ၊ နောင်ချိုနဲ့ ကွတ်ခိုင်မြို့နယ်က လူမှုရေးအသင်းတွေကလည်း သြဂုတ်လ ၁၇ရက်နေ့ ညနေကနေ သြဂုတ်လ ၁၈ရက် မနက် ၉နာရီအချိန်အထိ အေးအေးချမ်းချမ်းနဲ့ ဈေးဆိုင်ခန်း တွေလည်း ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီလို့ ဆိုကြပါတယ်။

မြို့တွေနဲ့ အနီးနားဝန်းကျင်တွေမှာ သေနတ်သံတွေမကြားရပေမယ့်လည်း အရင်နေ့တွေက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေရှိခဲ့လို့ မြို့တွင်းဖြတ်သန်းသွားလာတဲ့ ကားတွေတော့ မရှိသေးဘူးလို့ ဆိုကြပါတယ်။

သြဂုတ်လ ၁၇ရက်နေ့ကတော့ လားရှိုးနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့် တပ်မတော်၊ ပလောင်လွတ်လပ်ရေးတပ်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ တွေရဲ့ လက်နက် ကြီးတွေနဲ့ ပစ်ခတ်မှု၊ တပ်မတော်နဲ့ ထိတွေ့မှုတွေကြောင့်ပိတ်မိနေသူ၊ ထိခိုက်သူတွေကိုသွားကယ်ထုတ်တဲ့ လူမှုကူညီရေးအဖွဲ့က ဥက္ကဋ္ဌတစ်ဦး ပစ်ခတ်ခံရကာ သေဆုံးခဲ့ပါတယ်။ အခြားအဖွဲ့ဝင် စုစုပေါင်း ၆ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ကွတ်ခိုင်မှာ စစ်ရှောင် ၃၀၀လောက်ရောက်နေ၊ ဒီမနက်အထိ တိုက်ပွဲတွေရပ်နေ ကွတ်ခိုင်မှာ စစ်ရှောင် ၃၀၀လောက်ရောက်နေ၊ ဒီမနက်အထိ တိုက်ပွဲတွေရပ်နေ Reviewed by THITHTOOLWIN on 16:00 Rating: 5
Powered by Blogger.