ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကရင်အာဇာနည်နေ့ကျင်းပ

၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ၂၀၁၉၊ သြဂုတ် ၁၂ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပစဉ် ။ ဓါတ်ပုံ - သန့်ဇင်ဦး/ RFA
ကရင်အာဇာနည်နေ့လို့ အသုံးမပြုဖို့ တိုင်းအစိုးရက တားမြစ်ထားပေမယ့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ကရင်တိုင်းရင်းသား တစ်ရာကျော် စုပေါင်းပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ကရင်အမျိုးသားအလံတော်ကို တိုင်တစ်ဝက်ချပြီး ကရင်တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သူတွေကို လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြသလို မဟာဗန္ဓုလပန်းခြံကို လမ်းလျှောက် တစ်ပတ် ပတ်ခဲ့ကြပါတယ်။

မူလက မကွေးပရိယတ္တိစာသင်တိုက်မှာ အခမ်းအနားကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် တိုင်းအစိုးရက စာထုတ်ပြီး ကရင်အာဇာနည်နေ့ ခေါင်းစဉ်နဲ့ မကျင်းပဖို့ တားမြစ်တာကြောင့် အခုလို လမ်းပေါ်ထွက်ပြီး ဆောင်ရွက်တာ ဖြစ်ကြောင်းနဲ့ ကရင်အာဇာနည်တွေကို မရှိစေချင်လို့ လုပ်တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဦးဆောင်ပြုလုပ်တဲ့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအပြင် ဧရာဝတီတိုင်းဒေသကြီးမှာလည်း ကရင်အာဇာနည်နေ့ဆိုတဲ့အသုံးအနှုန်းကို အသုံးမပြုဖို့ တားဆီးတာတွေရှိခဲ့ပါတယ်။

ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ကျဆုံးခဲ့တဲ့နေ့ကို အထိမ်းအမှတ်ပြုပြီး နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုကျင်းပခဲ့တာဖြစ်ပါတယ်။

ကရင်အာဇာနည်နေ့ ခေါင်းစဉ်နဲ့ အခမ်းအနား မကျင်းပဖို့ ညွှန်ကြားချက်ဟာ ပြည်ထောင်စုအဆင့်က ညွှန်ကြားချက်မဟုတ်ဘဲ သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်တာသာဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က RFA ကို ပြောပါတယ်။

ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို RFA က ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

RFA Burmese
https://www.rfa.org
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကရင်အာဇာနည်နေ့ကျင်းပ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကရင်အာဇာနည်နေ့ကျင်းပ Reviewed by THITHTOOLWIN on 23:34 Rating: 5
Powered by Blogger.