မုတ္တမမှာ တောင်ခြေက လူနေအိမ်တွေ ပေါ် မြေပြိုကျလို့ လူသေဆုံး

 ပျောက်ဆုံးနေသူတွေကိုလည်း ဆက်လက်ရှာဖွေနေရ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ တိုက်နယ် သဲဖြူကုန်းကျေးရွာအုပ်စုက မလတ်တောင် မြေပြိုကျမှုကြောင့် တောင်ခြေရွာက အိမ် ၁၁ လုံးမြေကြီး ပိကာ အနည်းဆုံး လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

မွန်ပြည်နယ် အစိုးရအဖွဲ့ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက "လက်ရှိစာရင်းအရ ၁၀ ယောက်သေဆုံးပါတယ်၊ ၂၇ ယောက်ဒဏ်ရာရပြီး ကျန်လူတွေကိုတော့ ရှာဖွေနေပါတယ်၊ မိုးသည်းတော့ ဖြစ်တာက မနက်ပိုင်း ၆ နာရီခွဲ ၊ ၇ နာရီ ဝန်းကျင်မှာ တောင်ခြေကရွာကို တောင်ပေါ်က မြေပြိုဆင်း သွားတော့ အောက်ကရွာကို ပိသွားတာ၊ အိမ်ခြေ ၁၁ လုံး ၊ ဘုန်းကြီးကျောင်း တကျောင်းပေါ့၊ ခုတော့ ရန်ကုန်-မော်လမြိုင်လမ်းပိတ်နေလို့တကြောင်းစာ ပွင့်ဖို့ လုပ်နေတယ်" ပြောပါတယ်။

အခုအခြေအနေမှာတော့ မြေတူးစက် နှစ်စီး မြေသယ်ကား လေးစီးနဲ့ မြေစိုင်တွေကြားထဲ ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

မော်လမြိုင်-ရန်ကုန်ကားလမ်းမကြီးရဲ့ တချို့နေရာတွေမှာ မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းတချို့ ရေကျော်တာတွေဖြစ်နေပြီး ကားလမ်းတွေလည်း ပိတ်နေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

မြေပြိုလို့ သေဆုံးသူတွေက ကျား (၅) ဦး၊ မ (၅) ဦး လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေ နေကြပြီး အထိအခိုက် အသေအပျောက်စာရင်း တိုးလာဖွယ် ရှိတယ်လို့လည်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယု။

မော်လမြိုင် အပါအဝင် မွန်ပြည်နယ် တဝန်းမှာလည်း တောင်ကျချောင်းရေ ကြောင့် ရေလွှမ်းမိုးမှုတွေဖြစ်နေပါတယ်။

ဒီနေ့မနက် ၁ နာရီခန့်က စတင်ကာ မော်လမြိုင်မြို့ပေါ် လှိုင်ရပ်ကွက်၊ သာယာအေး၊ ဇေယျာမြိုင်၊ သီရိမြိုင်၊ ဒေါင်းမင်းရပ် အစရှိတဲ့ နေရာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးတာတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

" တော်တော်ဆိုးတယ်ရှင့်၊ တမြို့လုံးမယ် တောင်ကျရေကျတာ ကြောင့်ဖြစ်တာ သုံးနေရာလေးနေရာလောက်က ခါးလယ်လောက်ထိ ရှိတယ် " လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က ဘီဘီစီကို ပြောပါတယ်။

ပေါင်မြို့နယ် မုတ္တမ နယ်မြေရဲစခန်းနဲ့ မုတ္တမ တိုက်နယ်ဆေးရုံတွေမှာလည်း ရေတွေ ဝင်ရောက်နေတာကြောင့် ဆေးရုံက လူနာတွေကို ကယ်ဆယ်ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေါ်ခိုင်ခိုင်လဲ့က ဆိုပါတယ်။
အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရ
ဘားအံ - မော်လမြိုင် သွားတဲ့ ကားလမ်းတလျှောက်မှာလည်း ရေကျော်နေပြီး သံလွင်တံတား (မော်လမြိုင်) ကို ခဏပိတ်ခဲ့ရတဲ့ အနေအထားအထိ ရောက်ခဲ့ပေမယ့် အခု အချိန်မှာတော့ ပြန်လည် ဖွင့်ထားလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

သံဖြူဇရပ်နဲ့ ရေးကြား ကားလမ်းများ ရေကျော်ပြတ်တောက် နေတဲ့အတွက် သွားလာရခက်ခဲနေတယ်လို့ ခရီးသွားတွေက ဆိုပါတယ်။

ဒါ့အပြင် သံဖြူဇရပ်၊ ရေးနဲ့ မွန်ပြည်နယ် အတွင်းက မြို့နယ် တွေမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်နေတာ ကြောင့် အရေးပေါ်ကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
မုတ္တမမှာ တောင်ခြေက လူနေအိမ်တွေ ပေါ် မြေပြိုကျလို့ လူသေဆုံး မုတ္တမမှာ တောင်ခြေက လူနေအိမ်တွေ ပေါ် မြေပြိုကျလို့ လူသေဆုံး Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.