တိုက်ပွဲတွေအတွင်း ဖမ်းဆီးခံရထားရသူတွေ အခြေအနေ



Share/Bookmark
ရက္ခိုင့်တပ်တော်(AA)က အချိန် လေးလကျော်ကြာထိန်းသိမ်းထားတဲ့ နေပြည်တော် မြေတိုင်းဦးစီးဌာနက ဦးစီးအရာရှိ ဦးဇင်အောင် ကို တွေ့ရစဉ်
ရခိုင်ပြည်မြောက်ပိုင်းက အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကာလအတွင်း AA က ဖမ်းဆီးထားသူ ၁၂ ဦး ရှိပြီး၊ အဲဒီထဲက ၈ ဦးကို မကြာခင် ပြန်လွှတ်ပေးမယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေအတွင်း AA က ဖမ်းဆီးထားတဲ့ အရပ်သား ၁၄၀ ကျော်ရှိတယ်လို့ တပ်မတော်က ပြောဆိုချက်ကို AA က ငြင်းဆိုလိုက်ပြီး ၁၂ ဦးသာ သူတို့ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

အဲဒီထဲမှာ တပ်မတော်ဘက်ကနေ ဖမ်းမိထားတဲ့ သုံ့ပန်း ၄ ဦး၊ ဆုထူးစံကုမ္ပဏီဝန်ထမ်း ၈ ဦး ပါဝင်တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။ တဆက်တည်းမှာပဲ ဆုထူးစံကုမ္ပဏီဝန်ထမ်း ၈ ဦးကို မကြာခင် ပြန်လွှတ်ပေးဖို့ စီစဉ်ထားတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ခူမီးတိုင်းရင်းသား ၅၂ ယောက်ကို AA က မနေ့က ပြန်လွှတ်ပေးလိုက်တယ် လို့လည်း ကြေညာထားပါတယ်။

အဲဒီ ၅၂ ယောက်ကို AA က ဖမ်းဆီးထားတာမဟုတ်ဘဲ ကူညီကယ်တင်ပေးထားတာလို့ ခိုင်သုခက ပြောပါတယ်။ ဒါပေမဲ့ စတင်ခေါ်သွားစဉ်ကပါသွားပြီးနောက် စခန်းကနေ ပြန်ထွက်ပြေးလာသူ နှစ်ဦးရဲ့ပြောပြချက်အရ သူတို့ဟာ မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ထိစပ်တဲ့နေရာမှာရှိတဲ့ AA ရဲ့ တပ်စခန်းတွေမှာ နေထိုင်ရပြီး  အစာရေစာလုံလောက်မှု မရှိစွာနဲ့နေရတယ်လို့ ဆိုပါတယ်။

ချင်းလူမှုအဖွဲ့အစည်းတွေကလည်း ဖမ်းဆီးခံရတဲ့ ခူမီးတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ဆိုပြီး အဲဒီအချိန်က တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း နှစ်ဖက်ပစ်ခတ်နေတဲ့ အစိုးရနဲ့ တပ်မတော်တို့အကြား အပြန်အလှန် သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူ ရာနဲ့ချီရှိနေပြီလို့ ဒေသခံတွေ၊ ရှေ့နေတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ပြောကြပါတယ်။

တပ်မတော်ဘက်က AA အဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ စတဲ့ ဥပဒေပုဒ်မတွေနဲ့ ရာနဲ့ချီတဲ့ အရပ်သားတွေကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ တရား လွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုလဆန်းပိုင်းအထိ နှစ်ဘက်တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့ဝင်လို့ သံသယရှိသူ ၉ဝ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာရှိပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူက ရှစ်ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ တပ်မတော်က ဇွန်လအတွင်း သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတောအတွင်း အပြန်အလှန်သံသယတွေနဲ့ ဖမ်းဆီးစစ်ဆေး အရေးယူနေ တာတွေကြောင့် အပြစ်မဲ့သူတွေ ထိခိုက်နစ်နာမှာ မဖြစ်စေလိုကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဦးယုလွင်အောင် က ပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် လက်နက်ကျည် ကျရောက်ပေါက်ကွဲလို့၊ သေနတ်ပစ်ခတ် ခံရလို့ စတဲ့အခြေအနေတွေကြောင့် နေ့စဉ်ဆိုသလို ဆေးရုံတွေကို ရောက်ရှိနေတဲ့ ဒေသခံတွေ၊ အမှုဖွင့်ဖမ်းဆီးခံရ သူတွေ၊ သေဆုံးသူတွေ ရှိနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ က ပြောပါတယ်။

ရခိုင်ပြည်မြောက်ပိုင်း နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံ ထားရပြီး၊ မြို့နယ် ၅ ခုမှာလည်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။

ရခိုင်လွှတ်တော် ကိုယ်စားလှယ်တွေက လက်ရှိ ရခိုင်ပြည်အရေးနဲ့ပတ်သက်လို့ AA ၊ တပ်မတော်နဲ့ အစိုးရအကြား တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တောင်းဆိုနေပေမယ့်လည်း ဒါဟာ မထိရောက်ဘဲ ပိုပြီးစိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်လာတယ်လို့ သုံးသပ်ကြပါတယ်။

RFA Burmese
https://www.rfa.org

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ