တိုက်ပွဲတွေကြောင့် ဂုတ်ထိပ်တံတား အပျော်စီးရထားတွဲ ပြေးဆွဲမှု ယာယီရပ်နား

ဓာတ်ပုံ - စိုင်းမင်း

နောင်ချို၊ သြဂုတ် ၁၈

တိုက်ပွဲတွေကြောင့် လာရောက်လည်ပတ်သူ နည်းပါးမှာ စိုးရိမ်တဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ ကမ္ဘာကျော် ဂုတ်ထိပ်တံတားပေါ်ကို ဖြတ်သန်းပေးဆွဲနေတဲ့ အပျော်စီးရထားပြေးဆွဲမှုကို သြဂုတ်လ ၁၇ ရက်နေ့က စလို့ ယာယီရပ်နားထားတယ်လို့ ဂုတ်ထိပ် ဘူတာ ရုံပိုင်ကြီး ဦးယဉ်ထွေးက ရွှေတြိဂံဒေသသတင်းဌာနကို ပြောပါတယ်။

RGC 110 လို့ခေါ်တဲ့ ကားရထားပုံစံ အပျော်စီးရထားကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ၂၀၁၆ ခုနှစ်ကတည်းက ပြေးဆွဲပေးနေတာဖြစ်ပြီး လုံခြုံရေးကြောင့် မဟုတ်ဘဲ တိုက်ပွဲကြောင့် လည်ပတ်သူ မရှိမှာ စိုးရိမ်တဲ့အတွက်ကြောင့်သာ ရပ်နားလိုက်တာ ဖြစ်တယ်လို့ ရုံပိုင်ကြီး ဦးယဉ်ထွေးက ပြောပါတယ်။

ဓာတ်ပုံ - စိုင်းမင်း

“တစ်ရက်ကို လေး- ငါးခေါက်ဆွဲရပါတယ်။ ပွင့်လင်းရာသီဆိုပိုပြီးဆွဲရပါတယ်။ တစ်ဦးကို ကျပ်ငါးထောင်ကောက်ပါတယ်။ ဂုတ်ထိပ်ဘူတာကနေ ၊ ဂုတ်ထိပ်တံတားကိုဖြတ်၊ ပြီးရင် ဂူ နှစ် ဂူထဲဝင်ပါတယ်။ ဒုတိယ ဂူ အဆုံးမှာ ဓာတ်ပုံရိုက်ဖို့ ၁၀ မိနစ်ရပ်ပေးပါတယ်။ ပြီးရင် ဂုတ်ထိပ်တံတားပေါ်ပြန်မောင်းလာပါတယ်။ တံတားအောက်ခြေ အမြင့်ဆုံးတိုင်၊ တိုင်အမှတ် P 12 နေရာမှာ ခဏ ရပ်ပေးပါတယ်။ P12 က သုံးချောင်းပါ။ P12 အမြင့်က ပေ ၃၂၀ ရှိပါတယ်။ နောက် တံတားပေါ်ကနေ လှမ်းကြည့်ရင် အောက်ခြေကရေတံခွန်ကို လှမ်းမြင်ရတဲ့နေရာရှိပါတယ်” လို့ သူက ပြောပါတယ်။

ဂုတ်ထိပ်တံတား သက်တမ်းမှာ နှစ်ပေါင်း ၁၁၈နှစ်ရှိပြီဖြစ်ပြီး အောက်ခြေမှာ သံတိုင် ၁၆ တိုင်ရှိကြောင်းလည်း ဦးယဉ်ထွေးက ပြောပါတယ်။

“ မနေ့က ရောက်ခဲ့တယ်။ အရင်က လို တံတားနားကိုသွားပြီး ကြည့်ခွင့်မပေးဘူး။ လုံခြုံရေး အရလို့တာဝန်ရှိသူတွေကပြောပါတယ်။ လုံခြုံတင်းကျပ်ထားပါတယ်” လို့ ဂုတ်ထိပ်တံတားကို ရောက်ရှိခဲ့တဲ့ ရွှေတြိဂံဒေသသတင်းဌာနရဲ့ သတင်းထောက်က ပြောပါတယ်။

သတင်း- စိုင်းမင်း
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တိုက်ပွဲတွေကြောင့် ဂုတ်ထိပ်တံတား အပျော်စီးရထားတွဲ ပြေးဆွဲမှု ယာယီရပ်နား တိုက်ပွဲတွေကြောင့် ဂုတ်ထိပ်တံတား အပျော်စီးရထားတွဲ ပြေးဆွဲမှု ယာယီရပ်နား Reviewed by THITHTOOLWIN on 00:20 Rating: 5
Powered by Blogger.