ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာတစ်ဦးကို တပ်မတော် စစ်ဆေး

ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာတစ်ဦး တို့ကို တပ်မတော်က ခေါ်ယူစစ်ဆေးနေတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၉ ရက်နေ့က ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးစံမောင်၊ ကျောက်ရန် မူလတန်းကျောင်းက ကျောင်းဆရာ ဦးနိုင်အောင်ထွန်းတို့ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တို့က AA နဲ့ ပတ်သက်တယ်လို့ သံသယနဲ့ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဘာကြောင့်ခေါ်ယူစစ်ဆေးရသလဲဆိုတာကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလို ပြောပါတယ်။

"ကျောက်ရန်က ကျောင်းဆရာတစ်ယောက်နဲ့ ဥက္ကဋ္ဌဆိုတာကလည်း ကျောက်ရန်နားလေးက ကင်းချောင်းတံတားလေးမှာ ဘူးသီးတောင်နဲ့ ရသေ့တောင်ဆက်ထားတဲ့ အတွင်းလမ်းခေါ်တာပေါ့ဗျာ ကျောက်ရန်နားမှာပဲ ခဏခဏမိုင်းကွဲတာ အတွင်းလမ်းနဲ့ဆို ဘာမှမဝေးဘူး၊ သတင်းတွေကလည်း ကျောက်ရန်နားမှာပဲပေါ်တယ်၊ အဲရွာမှာ ရဲလည်းပါပါတယ်၊ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်တာပါ၊ ဘာမှပတ်သက်မှုမရှိဘူးဆိုရင် ပြန်လွှတ်မှာ ဟိုတစ်နေ့ကလိုပေါ့ဗျာ၊ နေဇော်လင်းဆိုတဲ့ အလယ်ချောင်မှာ ကျောင်းဆရာလုပ်တယ်သာဆိုတယ် သူ့ဖုန်းထဲမှာဆိုရင် မက်ဆေ့ခ်ျတွေ ပို့ထားတာအများကြီးပဲ၊ အခုလည်း လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုလုပ်တာပါ၊ ဘာမှမပတ်သက်ဘူးဆိုရင် ဘာမှလည်းမဖြစ်ဘူး ဘာမှလည်း စိုးရိမ်ပူပန်ကြောင့်ကျစရာမလိုဘူး"

သူတို့နှစ်ဦးအပြင် စစ်ဘေးဒုက္ခသည်အဖြစ် ကျောက်ရန်ရွာမှာ လာရောက်ခိုလှုံနေတဲ့ သရက်ပြင်ရွာက မောင်ထွန်းစိန်နဲ့ နွားရုံတောင်ရွာက အလုံးရှည်တို့လည်း ပါသွားတယ်ဆိုတာကို သိရတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

သူတို့ကို မသင်္ကာလို့ဆိုပြီး အခုလို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်နေရာမှာ ဘယ်လိုစစ်ဆေးနေတာလဲ ဆိုတာမသိရကြောင်း ဦးအောင်သောင်းရွှေက ပြောပါတယ်။

"အဲဒီရွာက အုပ်ချုပ်ရေးမှူး ဦးစံမောင် ကျောင်းဆရာတစ်ယောက် မောင်ထွန်းစိန်ရယ် အလုံးရှည်ရယ် အဲဒီရွာမှာပဲဖမ်းသွားတာ၊ သူတို့လေးယောက်ကို ဖမ်းသွားတယ်ကြားတယ်၊ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာတို့ကိုတော့ တော်တော်များများ စစ်ကြောရေးတွေ လုပ်နေတယ်လို့ကြားတယ်၊ ကျွန်တော်တို့ဖြစ်စေချင်တာက ဖမ်းတယ်ဆိုရင်လည်း တရားဥပဒေအရတရားစွဲပေါ့၊ သက်ဆိုင်ရာကိုယူသွားပြီးလုပ်ရင် ကောင်းတယ်လို့ ပြောချင်တယ်"

ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးသန်းဖေကို RFA က ဆက်သွယ်မေးမြန်းရာမှာ ကျောက်ရန်ရွာက မူလတန်းပြဆရာ ဦးနိုင်အောင်ထွန်း အပါအဝင် ၄ ဦး အဖမ်းခံထားရတယ်ဆိုတာကို သိထားကြောင်း ကျောင်းဆရာ ဦးနိုင်အောင်ထွန်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို တပ်မတော်က အရာရှိတစ်ဦးက တောင်းခံလို့ ပေးလိုက်ရကြောင်း အခုလို ပြောပါတယ်။

"သိရသလောက်တော့ ကျောက်ရန်ဆိုတာ ဒီကျောင်းဆရာ တာဝန်ကျတဲ့ရွာပေါ့၊ ပြီးခဲ့တဲ့ ၂ ရက် လောက်ကပဲ သူတို့ခေါ်ယူပြီးတော့ စစ်ဆေးတယ်၊ ကျွန်တော်တို့က ဆက်သွယ်လို့မရတာက ရွာသားတွေကိုလည်း ဖုန်းတွေပိတ်ထားပြီး အဆက်အသွယ်ဖြတ်ထားတယ်ပေါ့၊ အုပ်ချုပ်ရေးမှူးလည်း ဖမ်းထားတဲ့အထဲပါနေတယ်၊ စုစုပေါင်း ၄ ယောက်လို့တော့ သတင်းထွက်နေတယ်၊ ဌာနဆိုင်ရာ အကြီးအကဲအနေနဲ့ ကိုယ့်ဌာနက ဝန်ထမ်းတစ်ယောက်ကို စစ်မေးချင်လို့ပဲဖြစ်ဖြစ်၊ ရုံးစာအနေနဲ့သော်လည်းကောင်း ကျွန်တော်တို့တော့ မသင်္ကာလို့ မေးစရာရှိလို့ဆိုရင် အသိပေးစေချင်တယ်၊ ကျွန်တော်တို့လည်း အထက်ကိုတင်ပြရတဲ့အခါ မသေမချာဖြစ်နေတာပေါ့"

အစိုးရဌာနဆိုင်ရာက ဝန်ထမ်းတစ်ဦးကို တာဝန်အရ မသင်္ကာလို့ စစ်ဆေးချင်တယ်ဆိုရင် သက်ဆိုင်ရာဌာန အကြီးအကဲတွေဆီ အကြောင်းကြားစေချင်တယ်လို့လည်း ဦးသန်းဖေက ပြောပါတယ်။

AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေရှိပေမယ့် အစိုးရ၀န်ထမ်းတွေ ဖမ်းဆီးခံရတာ ဒါဟာ ဒုတိယမြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

ကျောက်ရန်ရွာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာတို့ဟာ AA အဖွဲ့နဲ့ ပတ်သက်မှုမရှိဘူးလို့ AA ပြောခွင့်ရသူ ခိုင်သုခ က RFA ကို ပြောပါတယ်။

"ဘာမှပတ်သက်မှု မရှိဘူး၊ တွေ့သမျှလူကို သူတို့ကနေ ရခိုင်ဆိုရင် AA ဆိုပြီးတော့ ဗမာစစ်တပ်ဘက်ကနေ လူမျိုးရေးကနေ နှိပ်ကွပ်နေတယ်လို့ပဲ ကျွန်တော်ကမြင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် အဲဒီလူတွေက ကျွန်တော်တို့နဲ့ ပတ်သက်မှုမရှိဘူး၊ သူတို့ဟာသူတို့ တစ်ယောက်က စာပြဖို့စာသင်ကျောင်းကိုသွားတာ လမ်းမှာအဖမ်းခံထိတယ်၊ နောက်တစ်ယောက်ကလည်း ရွာမှာအဖမ်းခံထိတယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး တပ်မတော်က AA အဖွဲ့ဝင်လို့ သံသယရှိ သူ ၉ဝ ဦးကို ရခိုင်ပြည်နယ်ထဲမှာ ဖမ်းဆီးစစ်ဆေးခဲ့တာရှိပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူ ရှစ်ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ တပ်မတော်က ဇွန်လအတွင်း သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာတစ်ဦးကို တပ်မတော် စစ်ဆေး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာတစ်ဦးကို တပ်မတော် စစ်ဆေး Reviewed by THITHTOOLWIN on 08:22 Rating: 5
Powered by Blogger.