မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် မိုးကြီးရေလျှံ

 ရေကြီးရေလျှံလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြ
မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးကြီး၊ ရေလျှံ၊ မြေပြိုမှုတွေ ဖြစ်ပွားနေပါတယ်။

တနင်္သာရီတိုင်းမှာ ရေကြီးမှုကြောင့် အနည်းဆုံး အိမ်ထောင်စု ၁၉၀၀ ကျော် ရွှေ့ပြောင်းခဲ့ရပြီး ဖြစ်တယ်လို့ တနင်္သာရီတိုင်းဝန်ကြီးချုပ်က ဘီဘီစီကို ပြောပါတယ်။

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း နယ်စပ်နေရာတချို့မှာ မြေပြိုပြီး လမ်းပိတ်သွားတဲ့ အတွက် လမ်းခရီး အဆက်အသွယ်ပြတ်တောက်သွားပါတယ်။

တနင်္သာရီတိုင်း အစိုးရကတော့ ဆန်နဲ့အစားအသောက်တွေ ထောက်ပံ့ကူညီနေတယ်လို့ ဆိုပါတယ်။
 တောင်ကျောင်း ဘုန်းတော်ကြီး ကျောင်းဝန်းထဲကို လမ်းပြိုကျ
တနင်္သာရီတိုင်း လောင်းလုံမြို့ ရှင်မော်ဘုရား အနီး၊ တောင်ကျောင်း ဘုန်းတော်ကြီးကျောင်းနားမှာ မြေပြိုပြီးလမ်းပိတ်သွားတဲ့ အတွက် အဆက်အသွယ်ပြတ်တောက်ပြီး လူပေါင်း ၃၀ ကျော် ပိတ်မိနေပါတယ်။ အသက်အန္တရာယ် မရှိပေမယ့် အဆက်အသွယ်ပြတ်တောက်နေတဲ့ အတွက် အစားအသောက် အခက်အခဲရှိနိုင်ပါတယ်။ လောင်းလုံမြို့နယ် လွှတ်တော်အမတ် ဦးဘိုဝင်းကတော့ ရေလမ်းကသွားပြီး အစားအသောက်အကူအညီပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

လမ်းပိတ်ပြီး ပြိုကျလာတဲ့မြေသားတွေဟာ ဘုန်းကြီးကျောင်းဝန်းထဲအထိ ပြိုဆင်းနေပါတယ်။

ရေးမြို့နယ်မှာလည်း တမြို့လုံး အနှံ့ ရေဖုံးလွှမ်းနေပါတယ်။ မြို့လယ်မှာရှိတဲ့ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေလည်း ခေါင်မိုးအထိ ရေမြုပ်ပြီး မြို့လယ်မှာ လှေနဲ့သွားလာနေကြပါတယ်။

ရေးမြို့မှာတော့ ကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။

 ရေးမြို့ ရေကြီးတာကို ကောင်းကင်က မြင်ရပုံ
တနင်္သာရီတိုင်း မြိတ်မြို့မှာတော့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ၊ မြေပြိုပြီး သစ်ပင်တွေ ပြိုလဲကျခဲ့ပါတယ်။ နေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။ ကျေးရွာတချို့ရဲ့ ချောင်းကူးတံတားတွေ ရေထဲမျောပါခဲ့ပါတယ်။

မြေသားပျော့အိပြိုကျမှုကြောင့် ပြင်းငယ်ကျေးရွာမှာ နေအိမ်(၅)လုံး၊ မြိတ်တောင်နယ်မြေ ဘုရားကိုင်ရပ်ကွက်မှာ နေအိမ်(၈)လုံး၊ အလယ်ချောင်း ကျေးရွာမှာ နေအိမ်(၂)လုံးပျက်စီးပြီး ကဟန်းကျေးရွာအုပ်စု သင်္ကထီးကျေးရွာမှာတော့ လေပြင်း တိုက်၊ သစ်ပင်လဲလို့ နေအိမ်(၃)လုံးပျက်စီးခဲ့တယ်လို့ မြိတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာလည်း ခါတိုင်းထက် ထူးထူးခြားခြား ရေကြီးနေပါတယ်။ ဓနုန်းကျေးရွာအုပ်စုထဲက ရွာတော်တော်များများ ရေဖုံးလွှမ်းသွားပြီး တချို့နေရာတွေမှာ ကားလမ်းပေါ်ရေကျော်ပြီး လမ်းခရီးပြတ်တောက်ပျက်စီးနေတယ်လို့ ကြာအင်းဆိပ်ကြီး အမှတ် ၂ ကရင်ပြည်နယ် လွှတ်တော်အမတ် ဦးတင်မျိုးဦးက ဘီဘီစီကို ပြောပါတယ်။

 မွန်ပြည်နယ် ပေါင်မြို့ မလတ်တောင် မြေပြိုမှုကြောင်း လူပေါင်း ငါးဆယ်ကျော်သေဆုံး
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့နယ်တွေမှာလည်း ရေကြီးရေလျှံပြီး လူနေအိမ် အများအပြားရေနစ်မြုပ်သလို လမ်းတံတားပျက်စီးမှုလည်း ဖြစ်ခဲ့ပါတယ်။

မန္တလေးတိုင်းမှာ ညောင်ဦးမြင်းခြံကားလမ်း၊ ငါ့သရောက်ညောင်ဦးကားလမ်းတွေပေါ် ရေကျော်ပြီး လမ်းနေရာတချို့မှာ မြေကျွံကျမှု ရှိပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ်၊ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ စာရင်းကတော့ သြဂုတ်လ ၁၁ ရက် ညနေပိုင်းအထိ သိရှိရတဲ့ အရေအတွက်ဟာ ၅၃ ယောက်အထိရှိသွားပြီဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် မိုးကြီးရေလျှံ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် မိုးကြီးရေလျှံ Reviewed by THITHTOOLWIN on 08:27 Rating: 5
Powered by Blogger.