လားရှိုးမြို့နယ် မိုင်းယန်းအုပ်စုတွင် ပြည်သူ့စစ်ခေါင်းဆောင်နှင့်ဇနီး လုပ်ကြံပစ်သတ်ခံရ

လားရှိုးမြို့နယ် မိုင်းယန်းအုပ်စုတွင် ပြည်သူ့စစ်ခေါင်းဆောင်နှင့်ဇနီး လုပ်ကြံပစ်သတ်ခံရ
သြဂုတ် ၂၁ ရက် ၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် အရှေ့ဘက်မိုင် ၃၀ ခန့်အကွာ မိုင်းယန်းကျေးရွာ အုပ်စု မန်ကောင်းကျေးရွာတွင် ပြည်သူ့စစ် ခေါင်းဆောင်၏နေအိမ်အား လက်နက်ကိုင်လူတစုက ၀င်ရောက်ပစ်ခတ်သဖြင့် ၄င်းနှင့်ဇနီး သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၀ ရက် ည ၈ နာရီခွဲ အချိန်ခန့်က မိုင်းယန်းအုပ်စုနေ ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင် ၏နေအိမ်အား ၀င်ရောက်ပစ်ခတ်ကြခြင်းဖြစ်ကြောင်း ၊ မည်သည့်အဖွဲ့ဖြစ်သည်ကို မသိရကြကြောင်း လားရှိုး အခြေစိုက် သျှမ်းလူငယ်ဖွဲ့ TYO မှ စိုင်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ မနေ့က ည ၈နာရီခွဲလောက် ဖြစ်တဲ့ ပစ်ခတ်မှုက တိုက်ပွဲမဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့တဖွဲ့ လာပစ်တာပါ။ ဘယ်သူဆိုတာ ဘယ်သူမှမသိကြဘူး။ မိုင်းယန်းပြည်သူ့စစ် ဦးဝင်းမောင် အသက် ၆၀ နဲ့သူ့အမျိုးသမီး ပါ့မြ အသက် ၅၈ နှစ်တို့ သေဆုံးသွားတယ်။ အိမ်ထဲက အသက် ၁၆ နှစ် အရွယ် ကောင်လေးကတော့ ထွက်ပြေး လွှတ်မြောက်သွားတယ်” ဟု စိုင်းဟန် က ပြောပြသည်။

အဆိုပါ အမည်မသိ လက်နက်ကိုင် တဖွဲ့ သည် မိုင်းယန်း ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်ကို သေနတ်များ၊ လက်ပစ်ဗုံးများ ပစ်ခတ်ခဲ့သည့် အပြင် နေအိမ်၊ ဆိုင်ကယ် နှင့်ထော်လာဂျီ တို့ကိုပါ မီးရှို့ ပစ်ခဲ့ ကြောင်း အလောင်းများသွားရောက်ကူညီသယ်ဆောင်ပေးသည့် စိုင်းဟန် က ပြောသည်။

“မိုင်းယန်း ပြည်သူ့စစ် အိမ်ကို ကျနော်တို့ ရောက်သွားတော့ သေနတ်ကျည်တွေ၊ လက်ပစ်ဗုံးတွေ နောက် အိမ်ကို မီးရှို့ထားတာ တွေ့ရတယ်။ ဦးဝင်းမောင်ရဲ့ အလောင်းကိုတော့ နေအိမ်ရဲ့ အိမ်သာထဲမှာ တွေ့တယ်။ ပါ့မြကတော့ အိမ်ထဲမှာ လက်နက်ကြီးထိပြီးသေနေတယ်” ဟု စိုင်းဟန် က ဆက်လက်ပြောသည်။

ထို လက်နက်ကိုင် အဖွဲ့သည် တရုတ်ဘာသာစကားဖြင့်သာ ပြောဆိုခဲ့ကြကြောင်း မိုင်းယန်းပြည်သူ့စစ် နေအိမ်ကို ည ၈ နာရီ ခွဲမှ ည ၉ နာရီ ခွဲ ထိ ပစ်ခတ်ခဲ့ကြကြောင်း မိုင်းယန်းကျေးရွာအုပ်စု မန်ကောင်း ကျေးရွာ ဒေသခံများ ပြောဆိုချက် အရသိရသည်။

အဆိုပါပစ်ခတ်မှုကို ဒေသခံများကထိတ်လှန့်ကာ ဘုန်းကြီးကျောင်းသို့သွားရောက်ခိုလှုံခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ဦးဝင်းမောင် နှင့် ပါ့မြ တို့၏ရုပ်အလောင်း ကို လားရှိုးမြို့လူမှုကူညီရေးအဖွဲ့တို့က သွားရောက်ကူညီသယ်ဆောင်ကာ လားရှိုးပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ထားကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
လားရှိုးမြို့နယ် မိုင်းယန်းအုပ်စုတွင် ပြည်သူ့စစ်ခေါင်းဆောင်နှင့်ဇနီး လုပ်ကြံပစ်သတ်ခံရ လားရှိုးမြို့နယ် မိုင်းယန်းအုပ်စုတွင် ပြည်သူ့စစ်ခေါင်းဆောင်နှင့်ဇနီး လုပ်ကြံပစ်သတ်ခံရ Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.