လားရှိုးလူငယ် အဖွဲ့ဥက္ကဌ ဒဏ်ရာရသူ သွားကူရာမှ လက်နက်ကြီးထိမှန်သေဆုံး


သြဂုတ် ၁၇ ရက် ၂၀၁၉

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အထွက် တိမ်ဖြူဆီပန့်တွင် ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားရာ ဒဏ်ရာရရှိသူများအား ကူညီကယ်ထုတ်ရန်သွားသည့် လားရှိုးလူငယ် လူမှုကူညီရေးအဖွဲ့ကား လက်နက်ကိုင်အဖွဲ့ ပစ်ခတ်သောကြောင့် ဥက္ကဌ ဖြစ်သူ ပွဲချင်းပြီးသေဆုံး ပြီး ၄င်းကား နှင့်အတူ ပါလာသည့် လူငယ် သုံးဦးလည်း ဒဏ်ရာရရှိသွားသည်။

၂၀၁၉ ခု သြဂုတ်လ ၁၇ နံနက် ၈ နာရီ အချိန် လားရှိုး - မူဆယ်လမ်း ၊ လားရှိုးမြို့အထွက် ၁၂ ခန့် အကွာ နမ့်တွန်းကျေးရွာအုပ်စု အတွင်းရှိ တိမ်ဖြူစက်သုံးဆီရောင်းဝယ်ရေး ဆီပန့်တွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုကြောင့်ဆီပန့်မီးလောင်သဖြင့် ဒဏ်ရာရှိသူများအား ကူညီသယ်ထုတ်ရန် လားရှိုးလူငယ် ကူညီကယ်ဆယ်ရေးအဖွဲ့ ယာဉ်တန်း ၈ စီးက အခင်းဖြစ်ပွားရာနေရာတို့ ဦးတည်သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။

အဲဒီမှာ ဒဏ်ရာရရှိတဲ့သူ ရှိတယ် ဆိုလို့ ကျနော်တို့သွားတာ။ ရောက်ရောက်ချင်းတော့မ၀င်နိုင်ဘူး။ သေနတ်သံငြိမ်သွားတော့ ကျနော်တို့ ပြန်ဝင် ဖို့ ကြိုးစားတာ ဥက္ကဌ ဦးထွန်းမြင့် ရဲ့ကား ပစ်ခတ်ခံရတာ ကျနော်တို့ကားက နောက်မှာ ။ အခြေအနေမကောင်းလို့ သေနတ်သံငြိမ်မှ အလောင်းပြန်သွားသယ်ထုတ်နိုင်ခဲ့တာ ။ ဆီပန့်မရောက်ခင်နားလေးမှာပစ်ခံရတာလေ - ဟု သျှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းဟန် က သျှမ်းသံတော်ဆင့်အားပြောသည်။

လက်ရှိ မှာ လားရှိုးလူငယ်များ အသင်း ဥက္ကဌ ရုပ်အလောင်းနှင့် ကျည်ထိမှန်သူ ၃ ဦးကို လားရှိုးဆေးရုံသို့ ပို့ဆောင် ထားကြောင်း လားရှိုးလူငယ်အဖွဲ့ဝင် ကိုအောင်ကျော်ဦး က လည်း ပြောသည်။

“ ကျနော်တို့ ဥက္ကဌကတော့ ပွဲချင်းပြီး ဆုံးသွားတာ။ ကျန်တဲ့ ၃ဦးကတော့ ဦးခေါင်း၊ လက်နဲ့ နားရွက်တွေ ဒဏ်ရာရတယ်။ ၂ ဦးကတော့ စိုးရိမ်ရတယ်။ ကျည်စတွေကများတယ်” ဟု ကိုအောင်ကျော်ဦးက ဆိုသည်။

အဆိုပါကူညီရေးယာဉ်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်း ထပ်မံပစ်ခတ်ခဲ့သဖြင့် လူနာယာဉ်တိမ်းမှောက်သွားသည်ဟုလည်း သိရသည်။

သေဆုံးသူ လားရှိုးမြို့ ၁၂ ရပ်ကွက်နေ ဦးထွန်းမြင့် အသက် ၅၀ ခန့်သည် လူငယ်အရေး၊ ပရဟိတ အရေး တက်ကြွ လှုပ်ရှားသူ တဦးဖြစ်သဖြင့် လားရှိုးမြို့နယ်အတွင်း လူမှုကူညီရေး သာရေးနာရေးတွင်အထူးယုံကြည်ခြင်းခံရကြောင်း ၄င်းသည်ရပ်ကွက် ၇ တွင်နေထိုင်ကြောင်း သိရသည်။

“ကျနော့်အမြင်က မတ်ချီနူဘက်မှာ တိုက်ပွဲဖြစ်တယ်။ သိန္နီ - ကွန်လုံကြားမှာ လဲ မြောက်ပိုင်းအဖွဲ့ နဲ့ အစိုးရတပ်ကြားတိုက်ပွဲဖြစ်တယ်။ တပ်မတော်က အရပ်ဝတ်နဲ့ ရှေ့တန်းအင်အားဖြည့်တတ်တော့ ထင်ယောင် ထင်မှားနဲ့ပစ်ခတ်ခံရတာဘဲဖြစ်မယ် ” - ဟု အသက် ၇၀ အရွယ်ရှိ လားရှိုးမြို့ရပ်မိရပ်ဖ တော်လှန်ရေးသမားဟောင်း တဦးက သုံးသပ်သည်။
သြဂုတ် ၁၇ ရက် နံနက်ပိုင်း တွင် သျှမ်းပြည်မြောက်ပိုင်း သိန္နီ - ကွန်လုံကြား တံတားနှစ်စင်းလဲ မိုင်းခွဲ ဖျက်ဆီးခံထားရသကဲ့သို့ လားရှိုးမြို့တွင်းတွင်လည်းကောင်း၊ လားရှိုး - မူဆယ်ကြား ပြည်ထောင်စုလမ်းမ တလျှောက်တွင်လည်းကောင်း အခြေအနေမကောင်းလှသဖြင့် ဒေသခံလူထုမှာ အိမ်ပိတ် ဈေးပိတ်ထားကြကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ပြင်ဦးလွင်တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချို - ကျောက်မဲကြား ဂုတ်တွင်းတံတား၊ အေးရှားဝေါဂိတ်အပါ အ၀င် နေရာ ၅ ခု အား မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်ရာမှာ သေကြေဒဏ်ရာရရှိသူများပြားသောကြောင့် အစိုးရတပ်မတော် မှ အပြင်းအထန် ထိုးစစ်ဆင်လာနိုင်ဖွယ်ရှိသည်ဟု စစ်ရေးလေလာသူများက သုံးသပ်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
လားရှိုးလူငယ် အဖွဲ့ဥက္ကဌ ဒဏ်ရာရသူ သွားကူရာမှ လက်နက်ကြီးထိမှန်သေဆုံး လားရှိုးလူငယ် အဖွဲ့ဥက္ကဌ ဒဏ်ရာရသူ သွားကူရာမှ လက်နက်ကြီးထိမှန်သေဆုံး Reviewed by THITHTOOLWIN on 23:28 Rating: 5
Powered by Blogger.