ပြည်ကြီးတံခွန်မြို့နယ်၌ ဓားပြမှု ဖြစ်ပွား


ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်(၆၃)လမ်းနှင့် ကနောင်မင်းသားကြီး လမ်းကြားနေ ဦးစိုး(ခ)စိုးလှိုင်ဝင်း နေအိမ်၌ ဩဂုတ်လ ၂ ရက် နံနက် ၁:၃၀ နာရီအချိန်ခန့်က အမည်မသိအမျိုးသား ၇ ဦးက ဓားများ၊ လေးဂွများ ကိုင်ဆောင်လျက် နေအိမ်အတွင်းသို့ ဝင်ရောက်၍ မိသားစုဝင်များထံမှ ရွှေ/ငွေ ပစ္စည်းများအား ထုတ်ပေးရန်ပြောဆို ယူဆောင်သွားမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ Mask များ တပ်ဆင်လျက် ဦးထုပ်ဆောင်းထားသည့် အမည်မသိအမျိုးသား ၇ ဦး(စိစစ်ဆဲ)က ဓားများ၊ လေးဂွများ ကိုင်ဆောင်လျက် နေအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် နေအိမ်ရှိ မိသားစုဝင်များထံမှ ရွှေ/ငွေ ပစ္စည်းများအား ထုတ်ပေးရန်ပြောသောကြောင့် ဦးစိုး(ခ)စိုးလှိုင်ဝင်း(၄၅)နှစ်မှ ငွေကျပ် ၇ သိန်းကျော်ခန့်အား ထုတ်ပေးခဲ့ သော်လည်း တူမဖြစ်သူ စောနန္ဒာဦး(စိစစ်ဆဲ)ဝတ်ဆင်ထားသော ကျောက်နီပါ ရွှေနားကပ် ၁ ရံ၊ Vivo အမျိုး အစား လက်ကိုင်ဖုန်းပါ ဖုန်း ၉ လုံး၊ Dell အမျိုးအစား Laptop ၁ လုံးတို့ကိုသာ ယူဆောင်၍ နံနက် ၁:၅၀ နာရီအချိန်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးစိုး(ခ)စိုးလှိုင်ဝင်း(၄၅)နှစ်မှ စက်မှုနယ်မြေရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားသဖြင့် တရားခံများအား ဖမ်းဆီးရမိရေးစုံစမ်းရှာဖွေရာ နံနက် ၂ နာရီအချိန်တွင် အဆိုပါနေအိမ်၏ အရှေ့ဘက် ၁၅ ကိုက်ခန့်အကွာ(၆၃)လမ်းနှင့် ကနောင်မင်းသားကြီးလမ်းထောင့်ရှိ ချုံတောအတွင်း၌ မင်းထက်(ခ)ကစ်ကစ်(၂၀)နှစ်နှင့် စည်သူဗိုလ်(ခ)စည်ကြီး(၁၃)နှစ်တို့ ၂ ဦးအား ဓား ၁ ချောင်း၊ လေးဂွ ၂ လက်၊ ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွှဲ ၁ နာရီအချိန်တွင် ဟိန်းသော်ဦး(ခ) ဖိုးသဲ(ခ)နဂါးအားလည်းကောင်း၊ မွန်းလွှဲ ၂:၃၅ နာရီတွင် ဒိုးလေး(၁၈)နှစ်၊ အောင်ဇင်မင်း(၁၇)နှစ်နှင့် စစ်သိန်းတန် (ခ)စစ်ကြီး(၁၈)နှစ်တို့ ၃ ဦးအား Dell အမျိုးအစား Laptop ၁ လုံး၊ ဖုန်း ၃ လုံး၊ ဓါးရှည် ၃ ချောင်း၊ ဓါးမြှောင် ၁ ချောင်း၊ လေးခွ ၁ လက်၊ ဆိုင်ကယ် ၂ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သောကြောင့် မင်းထက်(ခ) ကစ်ကစ်(၂၀)နှစ်ပါ ၆ ဦး(ဖမ်းမိ)နှင့် အောင်ဝင်းဘို(ခ)ရုပ်ဆိုး(ဖမ်းမမိ)တို့အား စက်မှုနယ်မြေရဲစခန်း(ပ)၃၃၄/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅(ဓားပြမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
ပြည်ကြီးတံခွန်မြို့နယ်၌ ဓားပြမှု ဖြစ်ပွား ပြည်ကြီးတံခွန်မြို့နယ်၌ ဓားပြမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 06:40 Rating: 5
Powered by Blogger.