ရှမ်းမြောက်တိုက်ပွဲဖြစ်စဉ်ကြောင့် လေယာဉ်ခဈေးနူန်း အဆမတန်မြင့်တက်


တောင်ကြီး၊သြဂုတ်၁၈

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ၁၅ရက်မှစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားမှုတွေကြောင့် လားရှိုးမြို့မှာ လေယာဉ်လက်မှတ်ဝယ်ယူရမှာ ဈေးနှုန်းတွေ အဆမတန်ပေးဝယ်နေရတယ်လို့ လားရှိုးမြို့ဒေသခံတွေထံမှ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချို၊ကျောက်မဲ၊လားရှိုး၊ကွမ်းလုံဒေသတွေမှာTNLA၊ AA ၊MNDAAတို့ပူးပေါင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်တို့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားမှုတွေရှိနေပြီး တံတားတွေကိုမိုင်းခွဲဖျက်စီးခံရတဲ့ဖြစ်စဉ်တွေလည်းရှိနေကာ သွားလာရေးအဆင်မပြေမှုတွေရှိနေကြောင်း၊လားရှိုး-ရန်ကုန်လေယာဉ်လက်မှတ်ကို ၂၅၀၀၀၀ကျပ်၊လားရှိုး-တာချီလိတ်လေယာဉ်လက်မှတ်ကို ၁၈၀၀၀၀ကျပ်ခန့်ပေးဝယ်နေရတယ်လို့ သိရပါတယ်။

"ပွဲစားတွေနားက တဆင့်ဝယ်ရင် လက်မှတ်ခအဆန်မတန်ပေးနေရတယ်။အေးဂျင့်တွေနားကနေ ပိုက်ဆံရှိတဲ့သူတွေ၊ပွဲစားတွေက လက်မှတ်တွေအားလုံးဝယ်ထားလိုက်တာ။တကယ်ခရီးထွက်မယ့်သူတွေက အေးဂျင့်တွေနားသွားဝယ်တော့ မရတော့ဘူး။အေးဂျင့်တွေကလည်းပွဲစားတွေကိုလမ်းညွှတ်ပေးရတာပေါ့။ပွဲစားတွေနားမှာသွားဝယ်၊သူတို့ကို လက်မှတ်ရသေးလားမေးကြည့်လိုက်ဆိုပြီးတော့ပေါ့။အဲဒီတော့ ပွဲစားတွေကလည်း ဈေးတင်ပြီ။အဲဒါကြောင့် လက်မှတ်တွေကအခုလိုဈေးများသွားတာပေါ့"လို့ လားရှိုးမြို့ဒေသခံ ကိုနေမျိုးက ရွှေတြိဂံသတင်းဌာနကိုပြောပါတယ်။

လားရှိုးက လေယာဉ်လက်မှတ်အရောင်းဌာနတွေမှာယခင်က လားရှိုး-ရန်ကုန်လေယာဉ်လက်မှတ်တွေကို အနိမ့်ဆုံး ၁၀၆၀၀၀ကျပ်မှ အမြင့်ဆုံး၁၂၇၀၀၀ကျပ်၊လားရှိုး-တာချီလိတ်လေယာဉ်လက်မှတ်တွေကို အနိမ့်ဆုံး၇၀၀၀၀ကျပ်မှ အမြင့်ဆုံး၉၅၀၀၀ကျပ်၊လားရှိုး-ဟဲဟိုးလေယာဉ်လက်မှတ်တွေကို အနိမ့်ဆုံး၆၁၀၀၀ကျပ်မှ အမြင့်ဆုံး၇၀၀၀၀ကျပ်အထိသာ ရှိခဲ့ရာမှ သြဂုတ်လ၁၇ရက်ကစတင်ပြီး လေယာဉ်လက်မှတ်တွေကို အရောင်းဌာနတွေမှ ဝယ်ယူလို့မရတော့ဘဲ ပွဲစားတွေထံမှ ဈေးနှုန်းကြီးမားစွာဝယ်ယူနေရတယ်လို့ သိရပါတယ်။

"ကျွန်မတို့နားမှာတော့ဈေးမတက်ပါဘူး။ဈေးနှုန်းကတော့အမျိုးမျိုးရှိပါတယ်။လိုချင်တဲ့ရက်ရှိ/မရှိကြည့်ပေးပြီးမှပြောလို့ရတာပါ။အဆမတန်းဈေးမြင့်တာတော့ မရှိဘူး။လားရှိုး-ရန်ကုန်ဆိုတစ်သိန်းကျော်ပဲရှိတာပါ။လက်မှတ်တွေကတော့ ဒီရက်ပိုင်းဝယ်လို့မရတော့ဘူး။၂၀ရက်နေ့ကျော်မှ ရတော့မယ်။ဒါတောင်ကြိုတင်စာရင်းပေးထားမှဝယ်လို့ရမယ်"ဟု လားရှိုးလေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ရွှေတြိဂံသတင်းဌာနကိုပြောပါတယ်။

လားရှိုးလေယာဉ်ကွင်းမှထွက်ခွာတဲ့ Air KBZ၊AIR BAGAN၊မြန်မာ့လေကြောင်းလိုင်း၊Golden Myanmar၊YANGOM AIR WAYစတဲ့လေကြောင်းလိုင်း ၅ခုအထိရှိနေပေမယ့်လည်း ယနေ့မှ၂၁အထိဒီရက်ပိုင်းလေယာဉ်လက်မှတ်တွေကို လက်မှတ်အရောင်းဌာနတွေမှ ဝယ်ယူလို့မရတော့ဘဲ ပွဲစားတွေထံမှာသာ ဝယ်ယူလို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ရှမ်းမြောက်တိုက်ပွဲဖြစ်စဉ်ကြောင့် လေယာဉ်ခဈေးနူန်း အဆမတန်မြင့်တက် ရှမ်းမြောက်တိုက်ပွဲဖြစ်စဉ်ကြောင့် လေယာဉ်ခဈေးနူန်း အဆမတန်မြင့်တက် Reviewed by THITHTOOLWIN on 16:19 Rating: 5
Powered by Blogger.