![]() |
ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို တွေ့ရစဉ် ။ Photo: Min Thein Aung/RFA |
ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြောက်ဘက်မှာရှိတဲ့ လင်းမြွှေတောင် တောင်တန်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ဒီနေ့မနက် လေးနာရီကျော်လောက်ကတည်းက တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ လင်းမြွေတောင်ဘုရားတောင်ကုန်းနဲ့ တောင်ဦးကျေးရွာအကြား စစ်တွေ-ရန်ကုန် အဝေးပြေးလမ်းမကြီးရဲ့ ဘေးမှာကပ်လျက်ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး အစိုးရတပ်က ဒီတောင်တန်းတွေမှာ အခြေပြုထားတာပါ။
ဒီနေ့မနက် လေးနာရီလောက်ကတည်းကစပြီး ၁၀နာရီလောက်အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ AA ဘက်က နှစ်ဦး ကျဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။ လမ်းလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ကို AA က အင်အားအလုံးအရင်းနဲ့ ၀င်တိုက်တာဖြစ်ကြောင်း၊ တပ်မတော်ဘက်က သတင်းရထားပြီးဖြစ်လို့ ပြန်လည်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် AA တပ်ဖွဲ့က ဆုတ်ခွာသွားကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ တပ်မတော်ဘက်က ထိခိုက်မှုတစ်ယောက်၊ နှစ်ယောက်သာ ရှိတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောဆိုပေမယ့် အသေးစိတ်ကို ပြောဆိုတာမရှိပါဘူး။
ဒီနေ့မနက် ၁၀ နာရီကျော်လောက်မှာ အဲဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ တစ်မိုင်လောက်အကွာမှာရှိတဲ့ ထိပ်ဝပြင်ကျေးရွာအနီးကို လက်နက်ကြီး လေးချက်ခန့်ကျရောက်ခဲ့သလို ရွာထဲက နေအိမ်ခြံဝင်းတစ်ခုထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။
ဒီအတွက် အဲဒီအိမ်က အိမ်အောက်မှာထိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်တင်တင်ဌေး ရဲ့ ဝမ်းဗိုက်နဲ့ခြေထောက်တွေမှာ ကျည်စတွေထိမှန်ခဲ့ပြီး တိမ်ညိုတိုက်နယ်ဆေးရုံကို ကနဦးအရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီကိစ္စကို သူ့အနေနဲ့မသိရသေးပေမယ့် ကျည်လာတဲ့လမ်းကြောင်းအတိုင်း လိုအပ်ချက်အရ တုံ့ပြန်ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။
အလားတူ မနေ့က ည ၁၀ နာရီလောက်မှာ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးမှာ တပ်မတော် ရေယာဉ်တစ်စီးကို AA အဖွဲ့က တိုက်ခိုက်ရာကနေ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ နှစ်ဘက်စလုံးက ပြောပါတယ်။
ပစ်ခတ်သံတွေ ထွက်ပေါ်လာပြီးနောက် ရွှေလှိုင်ကျေးရွာက အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်အေးနွယ်ရဲ့ ပေါင်နှစ်ဘက်မှာ ကျည်ထိမှန်ခဲ့ပါတယ်။
ဒေါ်အေးနွယ်ကို မနေ့ညက ကျောက်တော်ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် ဒီနေ့ နေ့လယ်မှာတော့ စစ်တွေဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
ဒီလိုအရပ်သားတွေ ထိခိုက်ဒဏ်ရာရတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က ပစ်ခတ်မှုလဲဆိုတဲ့အပေါ်မှာတော့ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် စွပ်စွဲပြောဆိုကြပါတယ်။ ဒီအပေါ်မှာ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
အလားတူပဲ ဒီနေ့မနက်က ခေါင်းတုတ် မွတ်စလင်ကျေးရွာက အသက် ၁၂ အရွယ် မွတ်စလင် အမျိုးသမီးငယ်တစ်ဦးဖြစ်သူ ဘူရူဂျနော် ရဲ့ခါးကို ကျည်ထိမှန်သွားပြီး စစ်တွေဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
မနက် ငါးနာရီခွဲလောက်မှာ အခြားမိန်းကလေးငယ်တွေနဲ့အတူ ကုလားတန်မြစ်ထဲ ရေခပ်ဆင်းရာမှာ ကျည်ထိမှန်သွားတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက်က မြောက်ဦးမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ကျောက်တော်-မြောက်ဦးကားလမ်းပိုင်းကို ပိတ်ထားရပြီး ဒီနေ့ညနေပိုင်းအထိ ကားတွေဟာ မြောက်ဦးနဲ့ တိမ်ညိုကျေးရွာတွေမှာ သောင်တင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ တိုက်ပွဲတွေကြောင့် စစ်ဘေးသင့်ဒုက္ခသည်ဦးရေ ခြောက်သောင်းကျော်အထိရှိနေသလို အရပ်သားသေဆုံးသူ ၈၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၂၀ လောက်အထိရှိနေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။
RFA Burmese
https://www.rfa.org/burmese