မိုင်းပျဉ်းဗျူဟာမှူးအမိန့်နဲ့ RCSS အမာခံဆိုသူကို ဖမ်းဆီးစစ်ဆေးပြီး ရက်ပေါင်း၂ဝခန့်ကြာမှ မူးယစ်ပုဒ်မနဲ့ အမှုဖွင့်

မိုင်းပျဉ်းဗျူဟာမှူးအမိန့်နဲ့ RCSS အမာခံဆိုသူကို ဖမ်းဆီးစစ်ဆေးပြီး ရက်ပေါင်း၂ဝခန့်ကြာမှ မူးယစ်ပုဒ်မနဲ့ အမှုဖွင့်
တာချီလိတ်၊ ဇူလိုင် ၂၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်ထဲက ရှမ်းလူမျိုး ရွာသားတစ်ဦးကို RCSS အမာခံဟုဆိုကာ တပ်မတော်က ဇူလိုင်လ ၁၀ရက်နေ့က ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၈ရက် ညပိုင်းမှ မိုင်းပျဉ်းမြို့နယ် ရဲစခန်းမှာ အပ်နှံကာ မူးယစ်ဆေးဝါးမှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။

အသက် (၅၂)နှစ်အရွယ် ရှမ်းလူမျိုး ဦးနန္ဒိယကို တပ်မတော်က ဇူလိုင်လ ၂၈ရက် ည ၈နာရီ ၄၅မိနစ်ခန့်က မိုင်းပျဉ်းမြို့နယ်ရဲစခန်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရန်အလို့ငှာ လက်ဝယ်ထားရှိမှုနဲ့ တိုင်ချက်ဖွင့်ပြီးလာရောက်အပ်နှံခဲ့တယ်လို့ မိုင်းပျဉ်းမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးမြင့်သောင်းက ရွှေတြိဂံဒေသသတင်းဌာနကို ပြောပါတယ်။

မိုင်းပျဉ်းမြို့မရဲစခန်းမှူးရဲ့ ပြောဆိုချက်အရ အဲဒီကျေးရွာသားကို ဖမ်းဆီးသွားတာဟာ ဇူလိုင်လ (၁၃)ရက်ခန့်က ဖမ်းတာလို့ ပြောပေမယ့် ရွှေတြိဂံဒေသသတင်းဌာနရဲ့ စုံစမ်းချက်အရ ဇူလိုင်လ (၁၀)ရက်နေ့မှာ RCSS အမာခံတစ်ဦးဖြစ်တယ်ဆိုတဲ့ သံသယနဲ့ ယမ်းခမ်းကျေးရွာအုပ်စု၊ နမ်တက်ရွာအနီးမှာ ဖမ်းဆီးသွားတာ ဖြစ်ပြီး မိုင်းပျဉ်းနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဗညားဝင်း ဦးစီးပြီး ရက်ပေါင်း ၂ပတ်ကျော်ကြာ တပ်တွင်းအချုပ်မှာ စစ်ဆေးခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ရက်ပေါင်း (၂၀) ခန့် အတွင်း နှိပ်စက်စစ်ဆေးခံထားရတဲ့အတွက် သူရဲ့အသက်အန္တရာယ်ကို စိုးရိမ်မိတယ်လို့လည်း သူ့ရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

ရွာသားတစ်ဦးကို ဖမ်းဆီးပြီး ရဲစခန်းမှာ အမှုမဖွင့်ဘဲ တပ်တွင်းအချုပ်မှာ (၂)ပတ်ကျော်ကြာ ထားရှိတာဟာ လွဲမှားနေတဲ့ ကိစ္စ တစ်ရပ်ဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောရေးဆိုခွင့်ရှိသူ စိုင်းရွက်လွင်က ဝေဖန်ပြောဆိုပါတယ်။

မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးတာသာ မှန်ကန်ရင် ရဲစခန်းမှာ အမှုဖွင့်အပ်နှံရမှာ ဖြစ်ပြီး တိုင်းရင်းသားဒေသတွေမှာ အခုလိုလုပ်ဆောင်တာဟာ လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနှောက်အယှက် ဖြစ်စေတယ်လို့ သူက ဆိုပါတယ်။

ဖမ်းဆီးခံရသူ ဦးနန္ဒိယကို RCSS အမာခံတစ်ဦးဖြစ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးပြီး၊ မိုင်းပျဉ်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဗညားဝင်း ဦးဆောင်မှုနဲ့ (၂)ပတ်ကျော်ကြာ ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီး အဲဒီလိုစစ်ဆေးရာကနေ စိတ်ကြွဆေးပြား (၁၉၅)ပြားလက်ဝယ် တွေ့ရှိတယ်လို့ဆိုကာ ရဲစခန်းမှာ မူးယစ်ပုဒ်မနဲ့ အမှုဖွင့်တာဖြစ်တယ်လို့ ဒေသခံတွေက ရွှေတြိဂံဒေသသတင်းဌာနကို ပြောပါတယ်။

ပြည်သူတစ်ဦးကို (၂)ပတ်ကျော်ကြာ တပ်တွင်းမှာ ဖမ်းဆီးစစ်ဆေးတာဟာ စစ်ကြောရေးမှာ ရက်ကြာသွားတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ ရှမ်းပြည်ရေးရာကျွမ်းကျင်သူ သတင်းစာဆရာ စိုင်းထွန်းအောင်လွင်က ဝေဖန်လိုက်ပါတယ်။

လူ့အခွင့်အရေး ရှုထောင့်၊ နိုင်ငံသား ရှုထောင့်တွေက ကြည့်ရင် ဒီလိုမျိုး လုပ်ဆောင်တာ မဖြစ်သင့်သလို RCSS ရဲ့ စစ်သားဖြစ်နေရင်တောင်မှ RCSS ဟာ NCA လက်မှတ်ထိုးထားပြီးသားဖြစ်လို့ လက်နက်မပါရင် လွတ်လပ်စွာ သွားလာနိုင်တယ်။ အကယ်၍ တခုခုသံသယရှိရင် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ - JMC မှာ ညှိနှိုင်းဆောင်ရွက်နိုင်တယ်လို့ သူက ထောက်ပြပါတယ်။

“ပုံစံက ဘာနဲ့တူလဲဆိုတော့ စစ်ကြောရေးစခန်းမှာ ကြာသွားတဲ့လူနဲ့တူတဲ့ ပုံစံမျိုးတောင်ဖြစ်နေတယ်။ အဲဒီလိုပြောလို့ တပ်မတော်ကို ထိခိုက်ပြောဆိုတာ မဟုတ်ဘူး။ ဒါပေမယ့် ထိန်းထားတာ ကြာတယ်ဆိုရင် အဲဒီသဘောမျိုး သက်ရောက်တယ်” လို့ သူက ပြောပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ လိုအပ်တဲ့ ဆက်စပ်တရားခံတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမျိုးမှာ အခုလိုဖမ်းဆီး ချုပ်နှောင်တာမျိုး လုပ်တာမျိုးရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ရက်က မိုင်းပျဉ်းမြို့နယ်ထဲက မိုင်းလျှဲန်းကျေးရွာမှာ ဆန်ဝယ်ပြီး ပြန်လာတဲ့ လားဟူ လူမျိုးတစ်ဦးကို ခမရအမှတ် (၅၇၉)က တပ်မတော်သား (၂၀)ခန့်က ရှမ်းစစ်သားအတွက် ဆန်လာဝယ်တာလားဟု မေးကာ ဝိုင်းဝန်းထိုးကြိတ်စစ်ဆေးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဇူလိုင်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇူလိုင်လအတွင်းမှာ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုအွန်ကျေးရွာအုပ်စု၊ နားကွန်ဆိုင်းရွာအနီးက ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း တပ်မတော်သားတွေက အသိမပေး၊ ခွင့်မတောင်းဘဲ ယူဆောင်သွားတာတွေရှိတယ်လို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RCSS စစ်သားတွေအပေါ်သာမက ဒေသခံတိုင်းရင်းသားတွေအပေါ် အခုလိုလုပ်ဆောင်တာဟာ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု လျော့နည်းစေတယ်လို့ RCSS ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

ဒီလိုဖြစ်စဉ်မျိုးကို သာမန်တပ်မတော်သားတွေက လုပ်ဆောင်တဲ့အခါ တပ်မတော်အရာရှိတွေက တားဆီးပေးဖို့ လိုအပ်သလို တပ်မတော်အရာရှိက လုပ်ဆောင်ရင်လည်း ဆင့်ကဲ့ တာဝန်ရှိသူတွေ ကြီးကြပ်တားဆီးပေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။

အဆိုပါဖြစ်စဉ်တွေဟာ မိုင်းပျဉ်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဗညားဝင်း လက်ထက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ၎င်းလက်ထက်မှာ မိုင်းပျဉ်းဒေသခံအိမ်အချို့ကို မူးယစ်ဆေးဝါးသံသယနဲ့ ဝင်ရောက်စစ်ဆေးပြီး မတွေ့တဲ့အခါ နိုင်ငံခြားငွေ တရားမဝင် ကိုင်ဆောင်မှုနဲ့ အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်တာ၊ ယမ်းပျော့တွေကို အိုက်စ်မူးယစ်ဆေးဟုဆိုကာ ဒေသခံ(၂)ဦးကို ဖမ်းဆီးစစ်ဆေးပြီး တစ်ယောက်ကို ရိုက်နှက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေကို ရွှေတြိဂံဒေသ သတင်းဌာနက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

 ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews
မိုင်းပျဉ်းဗျူဟာမှူးအမိန့်နဲ့ RCSS အမာခံဆိုသူကို ဖမ်းဆီးစစ်ဆေးပြီး ရက်ပေါင်း၂ဝခန့်ကြာမှ မူးယစ်ပုဒ်မနဲ့ အမှုဖွင့် မိုင်းပျဉ်းဗျူဟာမှူးအမိန့်နဲ့ RCSS အမာခံဆိုသူကို ဖမ်းဆီးစစ်ဆေးပြီး ရက်ပေါင်း၂ဝခန့်ကြာမှ မူးယစ်ပုဒ်မနဲ့ အမှုဖွင့် Reviewed by THITHTOOLWIN on 23:51 Rating: 5
Powered by Blogger.