ရေသံကျောက်တူးဖော်စဉ် ကမ်းပါးပြိုကျ၊ ၃ ဦးမြေပိ သေဆုံး

ဓာတ်ပုံ-မြို့နယ်မီးသတ်ဦးစီးဌာန
ယင်းမာပင်၊ ဇူလိုင် - ၂၄

ယင်းမာပင်မြို့နယ်တွင် ဇူလိုင်လ၂၃ ရက် နံနက် ၉ နာရီခွဲခန့်က ကျောက်တူးဖော်နေစဉ် ကမ်းပါးပြိုကျ၍ အမျိုးသား ၃ ဦး မြေပိသေဆုံးသွားကြောင်း ယင်းမာပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ယင်းမာပင်မြို့နယ် လာပို့ကျးရွာအုပ်စု ကုန်းရွာကျေးရွာ၏ အနောက်ဘက် တောကျောင်းဘုရားရိုးချောင်းအတွင်း (ဒေသအခေါ် ရေသံကျောက်) ခေါ် ရေဇယံသံကျောက် တူးဖော်ရာတွင် အမြင့် ၁၅ ပေခန့်ရှိ အောက်ခြေတွင် မြေပိသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်တွင် ကျောက်တူးနေသူများဖြစ်သည့် လာပို့ကျေးရွာမှ ကိုကျော်ဆွေ၊ ကိုမိုးယံ၊ အောင်ကိုဇော်၊ မောင်ဆိုင်နှင့်မောင်မြဌေး ၅ ဦးအပေါ် ကမ်းပါးပြိုကျခဲ့ရာ ကျော်ဆွေ၊ မိုးယံနှင့်အောင်ကိုဇော်တို့ ၃ ဦးမှာ နေရာတွင် မြေပိ သေဆုံးခဲ့ခြင်းဖြစ်သည်။

ကျန်နှစ်ဦးဖြစ်သည့် မောင်ဆိုင်နှင့်မောင်မြဌေးတို့မှာမူ ထိခိုက်ဒဏ်ရာများရရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

"မနေ့က (ဇူလိုင် ၂၃ ရက်) မနက်ပိုင်းလောက်မှာဖြစ်တာ။ကျွန်တော်တို့ သတင်းရရချင်း ရှာဖွေကယ်ဆယ်ရေးသွားတယ်။ အဲဆီရောက်တော့ ဒေသခံတွေနဲ့ အရံမီးသတ်တွေက အောက်ကနေ ကယ်ဆယ်ထုတ်ခဲ့ပါတယ်။ သေဆုံးသူကတော့ ၃ ဦးပါ" ဟု ယင်းမာပင်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးအောင်ဇေမိုးက မုံရွာဂေဇက်ကို အတည်ပြုပြောသည်။

မြေပိသေဆုံးသူ ရုပ်အလောင်းများကို ယင်းမာပင်မြို့နယ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြေပိသေဆုံးခဲ့သူအမျိုးသား ၃ ဦးအား ယင်းမာပင်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၇/၂၀၁၉ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိသည်။

သူရိယထက်
Monywa Gazette
https://www.facebook.com/monywagazette
ရေသံကျောက်တူးဖော်စဉ် ကမ်းပါးပြိုကျ၊ ၃ ဦးမြေပိ သေဆုံး ရေသံကျောက်တူးဖော်စဉ် ကမ်းပါးပြိုကျ၊ ၃ ဦးမြေပိ သေဆုံး Reviewed by THITHTOOLWIN on 23:08 Rating: 5
Powered by Blogger.