အေအေက မြန်မာ့စစ်ရေယာဉ် ၃စီးကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ မပစ်ရသေးတဲ့ဒုံးတွေ ထပ်မံတွေ့ရှိ

 ရခိုင်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြားတိုက်ပွဲတွေပြန်ပြင်းထန်လာ
ရက္ခိုင့်တပ်မတော် အေအေက မြန်မာ့တပ်မတော် စစ်ရေယာဉ် ၃ စီး ကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ နောက်ထပ် ဒုံး၃လုံးကိုလည်း ပြင်ဆင်ထားတာတွေ့ရတယ်လို့ မြန်မာ့တပ်မတော်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က ရသေ့တောင်မြို့နဲ့ မျက်နာချင်းဆိုင် မေယုမြစ်ထဲမှာ ကျောက်ချ ရပ်နားထားတဲ့ ရေတပ်သင်္ဘော ၃ စီးကို ရက္ခိုင်တပ်တော် အေအေကနေ ရှော့တိုက် ဒုံးသီးနှစ်လုံးနဲ့ ပစ်ခတ်ခဲ့တဲ့နေရာကနေ နောက်ထပ် ဒုံးသုံလုံးကို ပစ်ခတ်ဖို့ ပြင်ဆင်ထားတဲ့ အနေ အထားနဲ့ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အခုလို ရေတပ်သင်္ဘောတွေကို အေအေကနေ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်နေတာဟာ ဇွန်လ ၂၂ ရက်နေ့က စစ်တွေမှာ တစ်ကြိမ်၊ ဒီလ ၁၉ ရက်နေ့က မြေပုံမြို့နယ် ကျောက်မော်ရေပြင်မှာ တစ်ကြိမ်၊ အခု တစ်ကြိမ်နဲ့ပါဆိုရင် ၃ ကြိမ်ရှိနေပြီဖြစ်ပါတယ်။

မြေပုံမြို့နယ်မှာ ဆိုရင်လည်း ဇူလိုင် ၁၉ ရက်နေ့က အေအေက တိုက်ခိုက်ခဲ့တဲ့ ကျောက်မော်အနီးက ကျေးရွာတွေဖြစ်တဲ့ ရေကောင်းရှိန်နဲ့ ပေါက်တူးတောင်ကျေးရွာတွေထဲကို စစ်သားတွေ နေရာယူလာတဲ့အတွက် ရွာသားတွေ ကြောက်ပြီးထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိုင်၂၁ရက်နေ့ ညနေ ၈နာရီကျော်လောက်မှာတော့ ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း စစ်ရေယာဉ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေထွက်ပေါ်လာတဲ့အတွက် အနီးအနားရှိ ရွာသားတွေ အကြား စိုးရိမ်မှုတွေ ရှိနေကြတယ်လို့လည်း ရသေ့တောင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.bbc.com
အေအေက မြန်မာ့စစ်ရေယာဉ် ၃စီးကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ မပစ်ရသေးတဲ့ဒုံးတွေ ထပ်မံတွေ့ရှိ အေအေက မြန်မာ့စစ်ရေယာဉ် ၃စီးကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ မပစ်ရသေးတဲ့ဒုံးတွေ ထပ်မံတွေ့ရှိ Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.