ရေနံချောင်းမြို့နယ်၌ ကျေးရွာပိုင်မြေနုကျွန်းငြင်းပွားရာမှ ကျေးရွာနှစ်ရွာရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး စက်လှေတိမ်းမှောက်၍ လူ ၃၉ ဦးပျောက်ဆုံး


ရေနံချောင်း ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဖရဲကျွန်းကျေးရွာနှင့် ကန်သာကျေးရွာတို့ မြေနုကျွန်းငြင်းပွား ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ဖရဲကျွန်းကျေးရွာမှ စက်လှေတိမ်းမှောက်၍ လူ ၃၉ ဦးပျောက်ဆုံးနေပြီး ၄ ဦးသေဆုံးလျက်ပြန်လည်တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က ရေနံချောင်းမြို့နယ် ဖရဲကျွန်းကျေးရွာမှ ကျေးရွာသူကျေးရွာသား ၁၅၀ ဦးခန့်သည် ကန်သာကျေးရွာသို့ စက်လှေနှစ်စီးဖြင့် ရောက်ရှိလာပြီး ငြင်းပွား မြေ ပေါ်တွင် ဆောက်လုပ်ထားသော ဦးဝင်းဦးနှင့် ဦးမောင်ဝင်းတို့၏ နေအိမ်နှစ်လုံးအား ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

 ထို့သို့ ဖျက်ဆီးစဉ် ဝင်ရောက်ဟန့်တားသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လေးခွ၊ တုတ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြရာ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ဖရဲကျွန်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာစဉ် စက်လှေတိမ်းမှောက်ပြီး လူ ၃၉ ဦး ပျောက်ဆုံးနေကြောင်း မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနမှ သိရသည်။

''ကျေးရွာနှစ်ရွာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဖရဲကျွန်းကျေးရွာသားများက စက်လှေနဲ့ပြန်လည်ဆုတ်ခွာတဲ့ အချိန်မှာ တိမ်းမှောက်ခဲ့တာပါ။ စက်လှေပေါ်ပါတဲ့ လူ ၃၉ ဦး ပျောက်ဆုံးနေပြီး ယနေ့ ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီဝန်းကျင်က ရေထဲကနေ ကျား ၂ ဦး၊ မ ၂ ဦး သေဆုံးလျှက်ပြန်လည်တွေ့ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေလည်း ဆောင်ရွက်နေပါတယ်''ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောက ပြောသည်။

အဆိုပါနေရာသို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ခေတ္တရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ နှင့် တာဝန်ရှိသူများက နယ်မြေအေးချမ်းရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုစိုးကြီး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေနံချောင်းမြို့နယ်၌ ကျေးရွာပိုင်မြေနုကျွန်းငြင်းပွားရာမှ ကျေးရွာနှစ်ရွာရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး စက်လှေတိမ်းမှောက်၍ လူ ၃၉ ဦးပျောက်ဆုံး ရေနံချောင်းမြို့နယ်၌ ကျေးရွာပိုင်မြေနုကျွန်းငြင်းပွားရာမှ ကျေးရွာနှစ်ရွာရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး စက်လှေတိမ်းမှောက်၍ လူ ၃၉ ဦးပျောက်ဆုံး Reviewed by THITHTOOLWIN on 00:04 Rating: 5
Powered by Blogger.